ပင်းတယ ၁၆ ဇူလိုင်   

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းက အမှာစကား ပြောကြားပြီး တာဝန်ရှိသူများတို့က ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအကြောင်းနှင့် သိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ထို့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။ COVID-19 ရောဂါကာလဖြစ်သောကြောင့် မဲဆန္ဒနယ်ခွဲဝေပေးရန် အခက်အခဲရှိသည့်အတွက် မူလသတ်မှတ်ထားသည့် မဲရုံတွင်သာ မဲပေးရမည်ဖြစ်ပြီး ပင်းတယမြို့နယ်အတွင်း မဲဆန္ဒနယ် ၂ ခုရှိကာ မဲရုံစုစုပေါင်း ၇၇ ရုံရှိကြောင်း သိရသည်။

 

ခင်မျိုးနွယ်(ပင်းတယ)