မိုင်းဆတ် ၁၆ ဇူလိုင်

           

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း ပါဝင်ဆောင်ရွက်ခဲ့သော ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

           

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးစိုင်းလုံဆုက စေတနာ့ဝန်ထမ်း ပါဝင်ဆောင်ရွက်ခဲ့သော ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၀)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြတ်က အမှတ်တရ လက်ဆောင်များကိုလည်းကောင်း ဂုဏ်ပြုပေးအပ်ခဲ့ရာ စေတနာ့ ဝန်ထမ်းအဖြစ် အချိန်ပြည့် ပါဝင်ဆောင်ရွက်ခဲ့သော ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းထွန်းဦးက လုပ်ငန်းအတွေ့အကြုံများကို ပြန်လည်ရှင်းလင်း ဝေငှပေးသည်။

 

ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် COVID-19 ရောဂါကြိုတင်ကာကွယ် တားဆီးလုပ်ငန်းများတွင် မြို့ဝင်/ထွက်ဂိတ်များမှ ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ Quarantine Centre များတွင် စောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာများအား နှာခေါင်းနှင့် အာခေါင်တို့ ဖတ်ယူရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အသိပညာပေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများအား Mask ၊ Hand Gel ၊ အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သန်းဇော်(မိုင်းဆတ်)