မြစ်ကြီးနား ၁၆ ဇူလိုင်
ပညာရေးကဏ္ဍ တိုးတက်ရေးတွင် အဓိကကျသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၏ နေထိုင်မှုအဆင့်အတန်းမြင့်မားပြီး အဆင်ပြေစေရေးရည်ရွယ်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း ပညာ့ရိပ်သာတည်ဆောက်ရေး စီမံကိန်းအတွက် ယနေ့နံနက်ပိုင်းတွင် အဆိုပါ စီမံကိန်းဆောင်ရွက်မည့်နေရာ၌ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ကြသည်။
ပညာ့ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာစီမံကိန်း တည်ဆောက်နိုင်ရေးအတွက် ပန္နက်ရိုက်တင်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်သယံ ဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးဒါရှီလဆိုင်း၊ စည်ပင်သာယာရေးဝန်ကြီးဦးနော်လီ (ခ) ဦးဇခေါင်ခမ်းရယ်၊ လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းတို့က ပန္နက်ရိုက်တင်ပေးခဲ့ကြသည်။
အဆိုပါ ပညာရိပ်သာစီမံကိန်းတွင် လူဦးရေ (၃၅၀)ဆံ့ အဆင့်မြင့်အိမ်ရာတွင် လူနေအိမ်ခန်းပေါင်း (၁၆၀)ခန်း၊ Community Center (၁)လုံး၊ ကျန်းမာရေးပြုလုပ်နိုင်ရန်အတွက် အားကစားခန်းမ ပါဝင်မည်ဖြစ်ကြောင်းနှင့် စီမံကိန်းလုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပညာရေးဝန်ကြီး ဌာနက လုပ်ငန်းအပ်နှံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လုပ်ငန်းကြီးကြပ်စီမံခန့်ခွဲကာ Myanmar Imperial Vega Co.,Ltd တာဝန်ယူ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်


