မော်လိုက် ၁၆ ဇူလိုင်     

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား တစ်နှစ်သက်တမ်းတိုးစနစ်ဖြင့် လေလံတင်ရောင်းချပွဲကို ယနေ့နံနက်ပိုင်းက မော်လိုက်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းနှင့် မြို့နယ်စီမံခန့်ခွဲ မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်း က အရပ်ရပ်အခွင့်အရေး လိုင်စင်လုပ် ငန်းများနှင့်ပတ်သက်၍ စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ၏ တင်ပြချက်များ၊ ပြည်သူများ၏ အကြံပြုချက်များအား ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

မော်လိုက်မြို့နယ်တွင် အရပ်ရပ်အခွင့်အရေးလိုင်စင်များကို COVID-19ရောဂါကာလအတွင်း ခရီးအသွားအလာများ ကန့်သတ်ခြင်း၊ စျေးများယာယီခေတ္တ ပိတ်ထားခဲ့ခြင်းတို့ကြောင့် လုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်း အဆင်မပြေမှုများ ရှိခဲ့သည့်အတွက် ဖြေလျော့ပေးသည့်အနေဖြင့် စျေးပြိုင် စနစ်ဖြင့်မဟုတ်ဘဲ တစ်နှစ်သက်တမ်းတိုးစနစ်ဖြင့် လေလံလိုင်စင်များအား ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(၃၁)ခုအနက် (၂၃) ခုကို ရောင်းချနိုင်ခဲ့ပြီး ကျန်ရှိသည့် လိုင်စင်လုပ်ငန်း(၈)ခုကို စျေးပြိုင်စနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ရာ လုပ်ကိုင်လိုသူများအနေဖြင့် လျှောက်လွှာများအား မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ရုံးသို့ ရုံးပိတ်ရက်မရှိ လာရောက်တင်သွင်းနိုင်ကြောင်း” မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်း ပြောကြားချက်အရ သိရသည်။

 

မော်လိုက်သားလေး