ဘားအံ  ၁၆  ဇူလိုင် 

 

ကရင်ပြည်နယ်၊ ဘားအံမြို့ အောင်သံလွင်ပြည်နယ် အားကစားကွင်း၏ မြေသားပြေးလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်းပေါင်း ၇၄၅ သန်းဖြင့် မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၆ ရက်နေ့တွင်  ၈၅ ရာခိုင်နှုန်းပြီးစီး၍ အပေါ်ယံ Synthetic Rubber Layers ခင်းခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ 

 

ယခင်က ကရင်ပြည်နယ်တွင် မီတာ ၄၀၀ Synthetic ပြေးလမ်း မရှိခဲ့ဘဲ အားကစားသမားများသည် မြေသား ပြေးလမ်းပေါ်တွင်သာ လေ့ကျင့်ယှဉ်ပြိုင်ခဲ့ကြရသည့်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တင်ပြရာမှ ကရင်ပြည်နယ်၏ ပြေးခုန်ပစ် အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် မီတာ ၄၀၀ Synthetic ပြေးလမ်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။

 

ကရင်ပြည်နယ်၏ ပြေးခုန်ပစ်အားကစားနည်းသည် အစဉ်အလာကြီးမားခဲ့ပြီး နိုင်ငံဂုဏ်ဆောင်ထူးချွှန်သည့် အားကစားသမားများပေါ်ထွန်းခဲ့သည့် အစဉ်အလာများရှိခဲ့ဖူးကြောင်းကို အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ် ဦးစီးမှူးဦးနေမျိုးလွင် က  “ ဦးဟိန်းဆွေ ဘားအံမြို့နယ်ကနေပြီးတော့ သံပြားပစ်လက်ရွေးစင်အဖြစ် ပေါ်ထွက်ခဲ့ဖူးတာ ရှိတယ်၊ နောက်တစ်ခါ ဦးစောဆာလောလ ဆိုရင်လည်း သံလုံးပစ်လက်ရွေးစင် အခုချိန်ထိ မြန်မာပြည်စံချိန်ရှင်တွေ ဖြစ်နေတုန်းပဲ၊ နောက်တစ်ခါ ဒေါ်ခင်အုန်း အမြင့်ခုန် ဖာပွန်မြို့နယ်က  အမြင့်ခုန်အားကစားနည်းမှာလည်း နိုင်ငံဂုဏ် ဆောင်လက်ရွေးစင်ပေါ့၊အဲဒီတော့ကရင်ပြည်နယ်ရဲ့ ပြေးခုန်ပစ် အားကစားနည်း အစဉ်အလာကိုကြည့်မယ်ဆိုရင် မနိမ့်ခဲ့ဘူး၊  အခုလို မီတာ ၄၀၀ Synthetic ပြေးလမ်းကြီး ပြီးပြီဆိုရင်တော့ ကရင်ပြည်နယ်အနေနဲ့လည်း မြန်မာ့အားကစားအဆင့် အတန်းတိုးတက်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနိုင်တော့မှာပေါ့ ”ဟု ပြောသည်။

 

အဆိုပါ မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းခြင်းလုပ်ငန်းကို Reva Co.ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်လောင်းခြင်းလုပ်ငန်း၊ AC ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ပြီး Synthetic Layers ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နိုင်ရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ဦးထွန်းမြင့်ဦး၊ ကွင်းရုံတာဝန်ခံ အင်ဂျင်နီယာ ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများက နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ Synthetic Layers ခင်းခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်းနှင့် မကြာမီကာလအတွင်း ၁၀၀ ရာခိုင်နှုန်း အပြီးသတ်ပြီးစီးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)