မန္တလေး ၁၆ ဇူလိုင်
(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို မန္တလေးမြို့တွင် အကျဉ်းချုံးကျင်းပရန် ပြင်ဆင်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
တက်ရောက်မည့် ဧည်သည်လူစာရင်းကို ထက်ဝက်လျော့ချ ဖိတ်ကြားမည်ဖြစ်ပြီး လူနည်းတည်းနှင့် အချိန်ကန့်သတ် လုပ်ဆောင်သွားမည်ဟု ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
“လူဦးရေအကန့်သတ်နဲ့တော့လုပ်မယ်၊ လူနည်းနည်းနဲ့ အချိန်ကို အကျဉ်းချုံးပြီးမှလုပ်မယ် " ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
(၇၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မန္တလေးမြို့တွင် တိုင်းဒေသကြီးအစိုးရက ဦးဆောင်၍ နံနက်ပိုင်း၌ အရုဏ်ဆွမ်းဆက်ကပ်ခြင်းကို မြို့တော်ခန်းမနှင့် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း အစီအစဉ်ကို မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
အခမ်းအနားကျင်းပရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် (COVID-19) ကူးစက်ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့် အညီ ဗဟို၏ ညွှန်ကြားချက်များအတိုင်း အကျဉ်းချုံးကာ ဆောင်ရွက်သွားမည်ဟု သိရသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့်နှစ်များကအာဇာနည်နေ့ အခမ်းအနားများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့်ကျင်းပခြင်းအပြင် ဗိုလ်ချုပ်ကြေးရုပ်များရှိရာ မန္တလာတံခွန်ပန်းခြံ၊ ကန်တော်ကြီးနှင့် မနော်ရမ္မံပန်းခြံများတွင် လူမှုရေးအဖွဲ့အစည်းများက သွားရောက်အလေးပြုခြင်း အခမ်းအနားများပြုလုပ်ခဲ့ကြပြီး ယခုနှစ်တွင်လည်း သတ်မှတ်ထားသည့် လမ်းညွှန်ချက်များ အတိုင်းလိုက်နာကာ ပန်းခွေချခြင်း၊ အလေးပြုခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။
ဖြိုးအိ


