နေပြည်တော် ၁၆  ဇူလိုင် 


    
ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် ASEAN-China Transport Ministers’ Special Meeting on COVID-19 အထူးအစည်းအဝေးကို ယနေ့တွင် Video Conferencing ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပို့ဆောင်ရေး ဝန်ကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဉီးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဉီးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန၊ လမ်းဉီးစီးဌာနနှင့် မြန်မာ့မီးရထားတို့မှ အဆင့်မြင့်အရာရှိကြီးများ  တက်ရောက်သည်။

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ တုန့်ပြန်ရေးနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့မှ ဝန်ကြီးများက ဆွေးနွေးခဲ့ကြပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွားမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ဉီးဆောင်မှုဖြင့် ဆောင်ရွက်နေမှု၊ လေကြောင်း၊ ရေကြောင်း၊ ရထားနှင့် ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများတွင် ခရီးသည်များအား ရောဂါကူးစက်မှု ကာကွယ်တားဆီးရေးအတွက် လိုက်နာဆောင်ရွက်နေမှု၊ ပုံမှန်လေကြောင်း ခရီးစဉ်ပျံသန်းမှုများကို ကန့်သတ်ထားရှိ၍ ကယ်ဆယ်ရေးလေယာဉ်များ၊ အထူးလေယာဉ်များဖြင့် ခွင့်ပြုပျံသန်းပေးနေမှု၊ စီးပွားရေးထိခိုက်မှု သက်သာစေရန်အတွက် COVID-19 Economic Relief Plan (CERP) နှင့်အညီ ဆောင်ရွက်နေမှုများကို ဆွေးနွေးသည်။

 

 ထို့အပြင် ပြည်ထောင်စုဝန်ကြီး က ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားမှုများနှင့် အနာဂတ်တွင် ဖြစ်ပွားနိုင်သော မမျှော်မှန်းနိုင်သည့် အခြေအနေများကို သုံးသပ်၍ ဒေသအတွင်း၌ ဆေးဝါးများ၊ အရေးကြီးကုန်စည်များနှင့် အစားအသောက်များကို ပို့ဆောင်ရန် ကုန်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးသည် အလွန်အရေးပါမှုရှိသည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ဒေသတွင်း၌ Cross Border Transport ကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် မိမိတို့ နိုင်ငံများအားလုံး သဘော တူညီသည့် လုပ်ငန်းလမ်းညွှန်များရေးဆွဲရန်လိုအပ်ကြောင်း၊ ကုန်စည်များကို တစ်နိုင်ငံမှ တစ်နိုင်ငံ သို့ နယ်စပ်တွင် နောက်တွဲယာဉ် လွှဲပြောင်းပို့ဆောင်သည့်စနစ်ကို အကောင်အထည်ဖော်နိုင်ရေး စမ်းသပ်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နယ်စပ်စစ်ဆေးရေး စခန်းများတွင် လုံလောက်သော အထောက်အကူပစ္စည်းများ ဖြည့်တင်းရေးနှင့် ရောဂါဖြစ်ပွားမှု၊ ထိန်းချုပ်မှုနှင့်  လိုက်နာဆောင်ရွက် ရမည့် အချက်များကို လွယ်ကူစွာသိရှိနိုင်ရေး ICT နည်း ပညာကို တိုးမြှင့်အသုံး ပြုရန် လိုအပ်ကြောင်း တိုက်တွန်းဆွေးနွေးပြောကြားခဲ့ပြီး အာဆီယံနှင့် တရုတ်နိုင်ငံတို့မှ ဝန်ကြီးများနှင့် အမြင်ချင်းဖလှယ် ခဲ့ကြသည်။ ဆက်လက်၍ ပြည်ပမှတ်ပုံတင် သင်္ဘောများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် မြန်မာနိုင်ငံမှ သင်္ဘောသားများ၏ ရေယာဉ် တက်/ ဆင်း (Crew- change) ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကူအညီပေးရေးကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

 

အစည်းအဝေးတွင် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် မည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ အလွန်ကာလများအတွက်  ပို့ဆောင်ရေးကဏ္ဍမှ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  Joint Statement of ASEAN-China Transport Ministers on Ensuring Smooth Transport and Logistics to Combat COVID-19 and Reactivate the Economy ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)