နေပြည်တော် ၁၆ ဇူလိုင်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေး လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ကျင်းပရေး ဗဟို ကော်မတီအတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင် က ယခင်ရက်များက ကျင်းပခဲ့သည့် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်သည့် ညီလာခံ ကျင်းပရေး ဗဟိုကော်မတီအစည်းအဝေး၊ လုပ်ငန်းကော်မတီအစည်းအဝေးများ၏ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို အလျင်အမြန် ဆက်လက်အကောင်အထည်ဖော်နိုင်ရန် Working Level တွင် အသေးစိတ်ညှိနှိုင်းနိုင်ရန်အတွက် ယနေ့ လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်း အဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရခြင်း ၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များ၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ အရေးကြီး လိုအပ်ချက်များအရ ကိုဗစ်-၁၉ ကာလဖြစ်သော်လည်း စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ညီလာခံကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌက ရှင်းလင်းပြောကြားသွားပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် မူဝါဒဆိုင်ရာလုပ်ငန်း လမ်းညွှန်ချက်များကိုလည်း ချမှတ်ပေးခဲ့ပြီးဖြစ်သည့် အတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီ အသီးသီးမှ ကော်မတီများဖွဲ့စည်း၍ စီမံချက်များ ရေးဆွဲပြီး ပူးပေါင်းညှိနှိုင်းရေးကော်မတီသို့ ပေးပို့ခဲ့ကြပြီး ဖြစ်ပါကြောင်း။
ယနေ့အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအစုအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များလည်း တတ်ရောက်လာကြသည့်အတွက် ဖိတ်ကြားရေး၊ ကြိုဆိုပို့ ဆောင်ရေး၊ တည်းခိုနေထိုင်ရေး၊ ကျွေးမွေးဧည့်ခံရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ သတင်း ပြန်ကြားရေး၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များ၊ ကော်မတီချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စများ၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်ကိစ္စများ၊ ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများ၊ လိုအပ်ပါက လမ်းညွှန်ချက်တောင်းခံရမည့် ကိစ္စများကို ပြည့်ပြည့်စုံစုံ ဆွေးနွေးပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။
EAOs နှင့် ပါတီအစုအဖွဲ့မှ ညီလာခံတက်ရောက်ကြမည့် ကိုယ်စားလှယ်များနှင့် စပ်လျဉ်း၍ လူအရေအတွက်၊ အမည်စာရင်း၊ ပြည်တွင်း၊ ပြည်ပ ကြိုဆိုပေးရမည့် အစီအစဉ်၊ နေပြည်တော်တွင် တည်းခိုနေထိုင်ရေး၊ သွားလာရေး၊ စားသောက်ရေး အစီအစဉ်၊ လုံခြုံရေးအစီအစဉ်၊ အထူးအားဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ဆိုင်ရာ ဆောင်ရွက်ပေးရမည့် အစီအစဉ်၊ ဘဏ္ဍာရေးဆိုင်ရာ ကျခံဆောင်ရွက်ပေးမည့် အစီအစဉ်၊ အခမ်းအနားအစီအစဉ်၊ ဖွင့်ပွဲနှင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားအစီအစဉ်နှင့် Seating Plan, UPDJC , JMC နှင့် UPDJC အတွင်းရေးမှူးများ အဖွဲ့၏ အစည်းအဝေးများပြုလုပ်မှုနှင့် ကျွေးမွေးဧည့်ခံရေးဆိုင်ရာ Seating Plan ၊ သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းဆိုင်ရာ၊ ရိုက်ကူးထုတ်လွှင့်မှု၊ Media များအား ဖိတ်ကြား၊ တည်းခိုရေး၊ ကျွေးမွေးရေး၊ တတ်ရောက်သူအားလုံးနှင့် ဝန်ထမ်းများကို ကျန်းမာရေးစစ်ဆေးမည့် အစီ အစဉ်၊ လုံခြုံရေးဆိုင်ရာ အစီအစဉ်များအားလုံးကို ဆွေးနွေးညှိနှိုင်းကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်း က ဖိတ်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက ကြိုဆို နေရာ ချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းများအတွက် ပြင်ဆင်ထားရှိမှုနှင့် ခန်းမအတွင်း နေရာ ချထားရေးလုပ်ငန်းများ စီမံထားရှိမှုအခြေနေများကိုလည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူက ညီလာခံတက်ရောက်မည့်သူများအား သယ်ယူပို့ဆောင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အခမ်းအနားများ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဧည့်ခံကျွေးမွေးရေး လုပ်ငန်းများ စီမံထားရှိမှုနှင့် လိုအပ်ချက်များကို လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် လိုအပ်ချက်များကို လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က သတင်း ပြန်ကြားရေးနှင့်မှတ်တမ်းဆိုင်ရာလုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းတာဝန်နှင့်ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို လည်းကောင်း၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ဘဏ္ဍာရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဖိတ်ကြားရေး၊ တည်းခိုနေထိုင်ရေး၊ ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများအစုအဖွဲ့မှ UPDJC အတွင်းရေးမှူး ရဲဘော်မျိုးဝင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ညီလာခံတက်ရောက်ရန် လာရောက်ရာတွင် ပြည်တွင်း၊ ပြည်ပမှ လာရောက်မည့် အစီအစဉ်များရှိနေသဖြင့် အစိုးရဘက်က ကူညီဆောင်ရွက်ပေးရေး၊ ညီလာခံနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သည့် UPDJC နှင့် JICM အစည်းအဝေးများအတွက် ရောက်ရှိမည့် အချိန်ကာလများအလိုက် ဓာတ်ခွဲနမူနာရယူရေးအတွက် အစိုးရဘက်က စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ပေးရေး၊ ပြည်ဝင်လမ်းကြောင်းများအလိုက် Focal Person များ ထားရှိပေးရေးတို့ကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြပြီး နိုင်ငံရေးပါတီများအစုအဖွဲ့မှ UPDJC အတွင်းရေးမှူး ဦးမြင့်စိုးက နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ်များ UPDJC နှင့် ညီလာခံအစည်းအဝေးများ လာရောက်ရာ၌ ကုန်ကျမည့် ခရီးစရိတ်၊ တည်းခိုနေထိုင်စရိတ်၊ စားသောက်စရိတ်တို့ကို နိုင်ငံရေး ပါတီများအစုအဖွဲ့က ကျခံမည့်ကိစ္စ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့တွင်ပါဝင်သည့် ပါဝင်သင့် ပါဝင်ထိုက်သူ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များကိစ္စ၊ ညီလာခံမတိုင်မီ ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် နေပြည်တော်သို့ လာရောက်မည့် ကိုယ်စားလှယ် များအား ဓာတ်ခွဲနမူနာ ရယူရေးကိစ္စ၊ ညီလာခံ ကိုယ်စားလှယ်များ မှတ်တမ်းဓာတ်ပုံရိုက်ကူးရေး ကိစ္စတို့ကို ရှင်းလင်းတင်ပြရာ ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီးက မိမိတို့ဗဟိုကော်မတီ အစည်းအဝေးနှင့် လုပ်ငန်းကော်မတီအစည်းအဝေး (၃) ကြိမ် ပြုလုပ်ခဲ့ပြီး EAO အစုအဖွဲ့၊ ပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တစ်ခါမှဆွေးနွေးမှု မပြုလုပ်ရသေးသည့်အတွက် အသေးစိတ် ဆွေးနွေးညှိနှိုင်းရန်နှင့် ရှင်းလင်းပြောကြားရန် လိုအပ်သည့်အတွက် လုပ်ငန်းကော်မတီဝင်များကို လူစုံဖိတ်ကြားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည့်ပြည့်စုံစုံ ဆွေးနွေးပေးကြသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ နောက်တစ်ကြိမ် အစည်းအဝေး မကျင်းပမီ ညှိနှိုင်းရန် ကိစ္စရပ်များ ပေါ်ပေါက်လာပါက တယ်လီဖုန်း၊ Fax , Email နှင့် စာများပေးပို့၍ Contact Person များမှ တစ်ဆင့် ညှိနှိုင်း ကြရန်လည်း ထပ်လောင်း မေတ္တာရပ်ခံလိုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ များကိုလည်း မိမိတို့ပူးပေါင်းညှိနှိုင်းရေးကော်မတီကို သင့်ရာနည်းနှင့် ပေးပို့ကြစေလိုကြောင်း၊ ဗဟိုကော်မတီသို့ တင်ပြပြီး အတည်ပြုချက်များ တောင်းခံရယူပေးသွားရန် ဖြစ်ပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)


