ရန်ကုန် ၁၆ ဇူလိုင်


ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲနှင့် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် မြန်မာနေရှင်နယ်လိဂ်နှင့် ကလပ်အသင်းများ ညိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းဝေးခန်း၌ ကျင်းပခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်သည် MNL အမှတ်ပေးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ဇူလိုင် ၂၈ ရက်၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို သြဂုတ် ၁ ရက်တွင် စတင်ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။


''ပြည်တွင်းဘောလုံးပြိုင်ပွဲတွေကို အမြန်ဆုံးကျင်းပနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်နေပါတယ်။ ဇူလိုင်လကုန်လောက်မှာ ပြန်မကျင်းပနိုင်ရင် အခက်အခဲတွေ အများကြီးရှိနိုင်ပါတယ်။ လက်ရွေးစင်အသင်းတွေ ပြင်ဆင်ရတာ အခက်အခဲတွေရှိသလို၊ ပြိုင်ပွဲပြီးဆုံးတာ နောက်ကျရင် ကလပ်အသင်းတွေလည်း ငွေကြေးသုံးစွဲမှု ပိုကုန်နိုင်ပါတယ်။ ပြီးတော့ စပွန်ဆာကိစ္စတွေလည်း အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် အမြန်ဆုံးကျင်းပနိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်''ဟု  မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောသည်။

 

အခမ်းအနားတွင်  မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြည်တွင်းဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရန် ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ကလပ်အသင်းများအားလုံး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရန်၊ ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပရန် ပွဲစဉ်ရေးဆွဲထားမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက AFC Cup ပြိုင်ပွဲ အိမ်ရှင်အဖြစ်လက်ခံခွင့်ရရှိမည့်အခြေအနေများ၊ မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာပြိုင်ပွဲများနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားမှုများ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦးက ကလပ်အသင်းများ မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ Guidelines များကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် ကလပ်အသင်း တာဝန်ရှိသူများမှ အထွေထွေ ဆွေးနွေးခဲ့သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီ အနေဖြင့် ပြိုင်ပွဲများ အမြန်ဆုံးပြန်လည်စတင်ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထပ်ဆင့်ညွှန်ကြားမည့် လမ်းညွှန်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားမည့်အပြင် ဘောလုံးပြိုင်ပွဲများ အမြန်ဆုံးပြန်လည် စတင်ကျင်းပနိုင်ရန် နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက် ရရှိသည်နှင့် ပြိုင်ပွဲစတင်ကျင်းပမည့် နေ့ရက်နှင့် ပွဲစဉ်ဇယား အသေးစိတ်ကို ထပ်မံအတည်ပြုထုတ်ပြန်ပေးသွား မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ