နေပြည်တော် ၁၆  ဇူလိုင်

 

အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၂၂)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတို့ကို ယနေ့နံနက် ၇ နာရီခွဲတွင် Video conferencing စနစ်ဖြင့် စတင်ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးများသို့ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဉီးစိုးဟန်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။

 

အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဌ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Nguyen Quoc Dzung က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးသို့ အာဆီယံအဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်၊ အာဆီယံဥက္ကဌတာဝန်ထမ်းဆောင်စဉ် ဗီယက်နမ်နိုင်ငံ၏ ဉီးစားပေးလုပ်ငန်း စဉ်များ၊ COVID-19 ကူးစက် ရောဂါဆိုင်ရာ အာဆီယံအထူးထိပ်သီးအစည်းအဝေးနှင့် အာဆီယံ အပေါင်းသုံးအထူးထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင် ပြင်ပနိုင်ငံများက ပါဝင်လက်မှတ်ရေးထိုးမည့် ကိစ္စရပ်များနှင့် အာဆီယံ၏ ပြင်ပဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ (၅၃)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးနှင့် ဆက်စပ်ဝန်ကြီးအဆင့်အစည်းအဝေးများနှင့် (၃၇)ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုအခြေအနေများကို လည်းကောင်း၊ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။

 

အဆိုပါနေ့ နေ့လယ်ပိုင်းတွင် ဆက်လက်ကျင်းပသည့် (၂၂)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေးညှိနှိုင်းရေးမှူးဖြစ်သူ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် Mdm. Busaya Mathelin နှင့် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန၊ အတွင်းဝန် Mdm. Vijay Thakur Singh တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြပြီး၊ အစည်းအဝေးသို့ အာဆီယံအဆင့်မြင့်အရာရှိကြီးများ နှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် COVID-19 ကူးစက်ရောဂါအပေါ် အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့၏ တုံ့ပြန်ဆောင်ရွက်မှုများ၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံ တို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံ-အိန္ဒိယ ဆက်ဆံရေး၏ အနာဂတ် အလား အလာနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။

 

အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က အာဆီယံနှင့်အိန္ဒိယနိုင်ငံတို့အကြား ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု ဘာသာရပ်ခေါင်းစဉ်ကို ဉီးဆောင်ဆွေးနွေးရာတွင် ပင်လယ်ရေကြောင်းလုံခြုံရေး၊ ပင်လယ်ဓါးပြတိုက်ဖျက်ရေး၊ ရှာဖွေကယ်ဆယ်ရေး စသည် တို့အပါအဝင် အာဆီယံနှင့် အိန္ဒိယအကြား လက်ရှိပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုများကို အာဆီယံဉီးဆောင်သည့် ယန္တရားများမှတစ်ဆင့် ပိုမိုတိုးတက် ခိုင်မာစေရေး၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်၌ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေး သည် ဉီးစားပေးကဏ္ဍတစ်ရပ် ဖြစ်သည်နှင့်အညီ အာဆီယံနှင့် အိန္ဒိယနိုင်ငံအကြား ပင်လယ် ရေကြောင်းပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ပင်လယ်ရေကြောင်း ကူးလူးဆက်သွယ်ရေး၊ ပင်လယ်ပြင်ရှိ စွန့်ပစ်ပစ္စည်းများ ဖယ်ရှားရေး၊ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲကာကွယ် စောင့်ရှောက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့သည်။

 

အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဉီးစီးဌာနမှ အဆင့်မြင့် အရာရှိများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

 

#နိုင်ငံခြားရေးဝန်ကြီးဌာန