လွန်ခဲ့သည့်နှစ်ပေါင်း ၇၃ နှစ် မိုးနေ့တစ်နေ့တွင် အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည်။ နိုင်ငံနှင့်လူမျိုးတို့၏ လွတ်လပ်ရေးအတွက် ကြိုးပမ်း နေချိန်၊ လွတ်လပ်ပြီးနောက်နိုင်ငံပြန်လည်ထူထောင်ရေးအတွက်ကြိုတင် မျှော်တွေးကာ စီမံဆောင်ရွက်နေကြချိန်တွင် အာဏာဘီလူးစီးနေသူ လူမသမာတို့၏လုပ်ကြံမှုကြောင့် လွတ်လပ်ရေးခရီး၏ လမ်းခုလတ်တွင် အသက်စွန့်လွှတ်ခဲ့ကြရခြင်းဖြစ်သည်။
ထိုစဉ်က အဖြစ်သနစ်ကို အမျိုးသားစာဆိုတော် ဆရာကြီးဇော်ဂျီက “မိုးကစိုစို၊ ကျီးအုပ်ပြို၍၊ ထိုမှ ဤမှ၊ တို့လမ်းမတွင်၊ ပျံကြဝဲကြ၊ ငရဲထသို့၊ အုံကြွမြည်အာ၊ မသာယာ၊ ငါကြားခဲ့၏။ မှတ်မိ၏။ ထိုနေ့၌ပင်၊ ထိုချိန် ထင်၏။ သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်။ ပွင့်လန်းခါစ၊ ကြွေလိုက်ရ ၏။ မြေခသတင်း၊ မိုးကြိုးခွင်းသို့၊ အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်၌၊ မချင့်မရဲ၊ ဝမ်းနည်းခံခက်၊ မျက်စိမျက်နှာ၊ ညှိုးကြရှာသည်။ ရွာဦးပိုင်းမှ၊ သင်္ချိုင်းထိ" ဟူ၍ ဖွဲ့ဆိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်ထိုနေ့တွင်တစ်တိုင်းတစ်ပြည်လုံးရှိ ပြည်သူများ၏ခံစားချက်၊ မချိတင်ကဲ ဝမ်းနည်းကြေကွဲမှု၊ လွတ်လပ်ရေး အတွက် မျှော်လင့်ချက်များ ရုတ်တရက် ပျောက်ဆုံးသွားခြင်းနှင့်တကွ ထိတ်လန့်အံ့ဩမှုများက နေရာတိုင်း၊ ဒေသတိုင်းတွင် ဖုံးလွှမ်းနေခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူများက လေးစားချစ်ခင်ခဲ့ကြခြင်း၊ ယုံကြည်ကိုးစားခဲ့ကြခြင်းမှာ သူ၏ ရိုးသားဖြောင့်မတ်မှု၊ ငွေကြေး၊ ရာထူး နှင့်အာဏာကို မမက်မောမှုတို့ကြောင့် ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ်သည် ငယ်စဉ်ကတည်းကပင် ပွင့်လင်းသူ၊ ဟန်မဆောင်တတ်သူ၊ မတရားမှုကို မကြိုက်သူ၊ ပကာသနကို မနှစ်သက်သူ၊ လွတ်လပ်မှုကို မြတ်နိုးသူလည်း ဖြစ်သည်။ “ဗမာပြည်ရှိ လူများသည် လူရိုင်းဘ၀မျိုးရောက်ချင်ရောက် သွားပါစေ၊ လွတ်လပ်ချမ်းသာစွာ ခေါင်းဆောင်နေနိုင်ပြီဆိုလျှင် မလွတ် လပ်သော လူယဉ်ကျေးဘဝထက် ကျွန်တော်အဆတစ်ရာ ကြိုက်သည်၊ နှစ်သက်သည်။ စိမ်းလန်းစိုပြည်ကျယ်ပြန့်သည့် လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ်မြူးထူးအော်ဟစ်နေလို သည်” ဟူ၍ ဗိုလ်ချုပ်က ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင် ထုတ်ဖော်ရေးသား ခဲ့ရာ သူ၏ ရိုးသားပွင့်လင်းမှုနှင့် လွတ်လပ်ခြင်းအပေါ် အလေးအနက် တန်ဖိုးထားမှုတို့ကို တွေ့မြင်နိုင်သည်။ ထိုစိတ်ဓာတ်နှင့်ပင် နိုင်ငံနှင့် လူမျိုး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် သူ့ဘဝတစ်လျှောက်လုံး တွင် ကိုယ်ကျိုးစွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အသက်ကို စွန့်လွှတ် ရန် အဆင်သင့်ရှိနေခဲ့ရာ “ဤလောက၌ ပြည်သူတို့၏ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးတို့အတွက် တိုက်ပွဲဝင်ရင်း အသက်ကို ပေးလှူရခြင်းထက်ပို၍ မွန်မြတ်သောအလုပ်နှင့် ကြီးမြတ်သောဂုဏ်သည် မရှိပြီ" ဟူ၍ ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားခဲ့သည့်စာကသက်သေသာဓကပင် ဖြစ်သည်။
မဟာကရုဏာတော်ရှင် သုံးလောကထွတ်ထား မြတ်စွာဘုရားသည် ပင် ဆန့်ကျင်တိုက်ခိုက်မှု၊ အသရေဖျက်ရန်၊ အသက်သေရန် ကြံစည်မှု များနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ပင် ဗိုလ်ချုပ်အောင်ဆန်းသည်လည်း ကိုယ်တိုင်က နိုင်ငံနှင့်လူမျိုး လွတ်လပ်ရေးကိုသာ ဦးတည်ကြိုးပမ်းနေစေ ကာမူ ဆန့်ကျင်ဘက်ဂိုဏ်းသား အာဏာလောဘတက်နေသူများက နိုင်ငံရေး အာဏာရလိုဇောဖြင့် နိုင်ငံမှလွတ်လပ်ရေးပင် မရသေးမီ အုပ်စုဖွဲ့၊ ခြေပုန်းခုတ်လှုပ်ရှားနေကြပြီဖြစ်သည်။ အာဏာအတွက် လက်မရွံ့သူ များ၊ အာဏာအတွက်အကြမ်းဖက်သူများကြောင့် အမျိုးသားခေါင်းဆောင်ကြီးနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများမှာ နိုင်ငံနှင့်လူမျိုးတို့လွတ်လပ် သည်ကို မြင်တွေ့မသွားဘဲ ကျဆုံးခဲ့ကြရသည်။ နိုင်ငံ၏ ကံကြမ္မာသည် လည်း အချိုးအကွေ့များနှင့် တစ်နည်းတစ်ဖုံ ပြောင်းလဲသွားခဲ့ရသည်။
မိမိတို့ မျိုးဆက်များအဖို့မူ နိုင်ငံနှင့်ပြည်သူတို့၏ လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရိုးသားဖြောင့်မတ်စွာ၊ တာဝန်ကျေပွန်စွာ ကိုယ်စီဆောင်ရွက်ကြခြင်းဖြင့် အာဇာနည်ကြီးများ၏ ကျေးဇူးတရားကို သိမှတ် ပေးဆပ်နိုင်ကြပါစေကြောင်း။ ။