ပူတာအို   ၁၇  ဇူလိုင်

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းနှင့် ဂါလန် ၃၀၀၀ ဆံ့ ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းတိုင်းတာမှုများကို ယမန်နေ့က ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဖုန်အတာဆိုင်းထွယ်၊ ကချင်ပြည်နယ် နည်းပညာအကြံပေး အင်ဂျင်နီယာ ဒေါ်နွေးနွေးအောင်၊ လူထုဗဟိုပြုစီမံကိန်း စည်းရုံးရေးမှူးများနှင့် ကျေးရွာကော်မတီ၀င်များက မြေပြင်ကွင်းဆင်း တိုင်းတာမှုများ ပြုလုပ်ခဲ့ကြပြီး စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လုပ်ဆောင်ရမည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)မှ ရန်ပုံငွေ ကျပ် ၉၉ သိန်းဖြင့် အရှည် ၁ မိုင် ၁ ဖာလုံရှိ စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ဂါလန် ၃၀၀၀ ဆံ့ ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဆိုပါလုပ်ငန်းများပြီးစီးပါက တန်ဂျာကျေးရွာရှိ အိမ်ထောင်စု ၉၄ စု၊ လူဦးရေ ၅၄၃ ဦးတို့အတွက် သောက်သုံးရေ လုံလောက်စွာဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)