ချောင်းဦး ၁၇ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် SMU ဘူတာကျေးရွာတွင် စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍမှ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ Covid-19 စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဝါး အခြေခံ လက်မှုပညာသင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၇ ရက်၊ နံနက် ၉ နာရီ အချိန်က SMU ဘက်စုံသုံး ကျေးရွာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းထွဋ်မိုးက အမှာစကားပြောကြားခဲ့ပြီး၊ ဘူတာကျေးရွာသစ်လှုပ်ရှားမှုကော်မတီ(SMUC)ဥက္ကဋ္ဌ ဦးစိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် တိုင်ကပ်နာရီ၊ ဓာတ်ပုံဘောင်၊ ဝါးရေခွက်၊ ဘောပင်ထည့် box နှင့် ဖုန်းတင်ခုံ ပစ္စည်းများ သင်ကြားပေးမှာဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူ ၂၅ ဦး တက်ရောက်သင်ကြားမှာ ဖြစ်ကြောင်း၊ သင်တန်းဆရာများအဖြစ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးလင်းဖြိုးအောင် (လက်ထောက်အင်ဂျင်နီယာ) နှင့် ဦးကျော်ခိုင်ဝင်း (စက်မှုကျွမ်းကျင်-၃)တို့မှ သင်ကြားပေးမှာ ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၁၁)ရက် လက်တွေ့ပို့ချသင်ကြားပေးမှာ ဖြစ်ကြောင်း၊ ဘူတာကျေးရွာသစ်လှုပ်ရှားမှု ကော်မတီ(SMUC)ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောပြ၍ သိရသည်။
သင်တန်းဖွင့်ပွဲသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းထွဋ်မိုး၊ (လက်ထောက်အင်ဂျင်နီယာ) ဦးလင်းဖြိုးအောင်၊ (စက်မှုကျွမ်းကျင်-၃) ဦးကျော်ခိုင်ဝင်း၊ ဘူတာကျေးရွာသစ် လှုပ်ရှားမှုကော်မတီ(SMUC)ဥက္ကဋ္ဌ ဦးစိုးနိုင် နှင့် သင်တန်းသား/သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)


