လွိုင်ကော်  ၁၇  ဇူလိုင်

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို သည် ယမန်နေ့ မွန်းလွဲပိုင်းက ဟိုယာဒေသ၊ ခေါဘာကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ထိုသို့ တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ယခုလို ဒေသခံများနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက် ပါကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ခေါဘာကျေးရွာသည် တစ်ချိန်က လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့် ဒေသဖြစ်ပြီး မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်ချိန်မှစ၍ လမ်းပန်း ဆက်သွယ်ရေး၊ မီးရရှိရေးများအတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လမ်းအနေနှင့် မြေသားလမ်းကိုသာ ကနဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆောင်ရွက်ရာတွင် အဆင့်ဆင့်ကြိုးပမ်း၍ လမ်းဖောက်လုပ်ပေးခဲ့ပြီး လမ်း၏ မတ်စောက်နေသည့် အပိုင်းများကို ပြန်လည်မြေညှိဆောင်ရွက်ပေးသွားရန် ရန်ပုံငွေများ လျာထားဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးအား အိမ်တိုင်းလို အသုံးပြုနိုင်နေပြီဖြစ်ရာ အတိုင်းအတာတစ်ခုအထိ ပြည့်စုံနေပြီဖြစ်ပါကြောင်း၊ ထပ်မံလိုအပ်နေသည့် အချက်များကိုလည်း ဆက်လက်၍ ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်က ကျေးရွာဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများ တင်ပြသည့် ရေရရှိရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ရေပေးမြောင်းဖောက်လုပ်ခြင်း၊ ဆေးပေးခန်းဖွင့်လှစ်နိုင်ရေးကိစ္စများနှင့် ဘောလုံးကွင်း ပြန်လည်ပြုပြင်ပေးရေးကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရန်ပုံငွေလျာထားမည့် အခြေအနေများ၊ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဖြေကြားပေးခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် ဒေါက်တာအရှင်ဇဝနမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် လှူဒါန်းသည့် ရန်ပုံငွေကျပ် (၅)သိန်းအား ကိုယ်စားပေးအပ်လှူဒါန်းခြင်း၊ ခေါဘာကျေးရွာမှ အိမ်ထောင်စု (၄၀)စုအတွက် တစ်အိမ်ထောင်လျှင် ကော်ဖီပျိုးပင် (၁၀၀)ပင်နှုန်းဖြင့် အပင် (၄၀၀၀)အား အခမဲ့ ဖြန့်ဝေပေးခြင်း၊ ခေါဘာကျေးရွာ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ငွေကျပ် (၁၅၀)သိန်းနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသည့် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ဆေးများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး ကျေးရွာဘုရားကျောင်းအတွင်း၌ ကော်ဖီပျိုးပင်များ အမှတ်တရ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံပွဲသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)