ကသာ ၁၇ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့်၊ ကသာမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ရသည့် ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေနှင့် ပစ္စည်းများကို ဇူလိုင် ၁၆ ရက် နေ့က ကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ရာတွင် တာဝန်ရှိသူများသည် ကသာမြို့နယ်အတွင်းရှိ ပိန္နဲကုန်းရပ်ကွက်၊ မြေနုကျေးရွာ၊ အောက်သဖန်းဒေါင့်ကျေးရွာ၊ လက်ပံဇင်ကျေးရွာ၊ မိုးတားလေးကျေးရွာအုပ်စုရှိ အလယ်ရပ်နှင့် လက်ပန်ကျေးရွာများတို့မှ ဇူလိုင်လ(၁၅)ရက်နေ့က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ရသည့် ရေဘေးသင့်အိမ်ထောင်စု(၇၄)စု၊ လူဦးရေ(၃၄၆)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၂၆၆၀၀)ကျပ်၊ ဆပ်ပြာ(၇၄)တောင့်နှင့် အဝတ်နှာခေါင်း စည်း(၃၄၆)ခုတို့ကို အဆိုပါကျေးရွာများသို့ သွားရောက်ပြီး သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ သိရသည်။

 

အဆိုပါထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ရေဘေးသင့် ပြည်သူများထံသို့ သွားရောက်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ကသာမြို့နယ်တွင် ဇူလိုင်လ(၁၇)ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း(၈)ခုနှင့် ရွှေ့ပြောင်းအိမ်ထောင်စု(၃၄၆)စုရှိပြီး ကသာမြို့နယ် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် (၁၀၄၀) စင်တီမီတာဖြစ်ပြီး ဇူလိုင် ၁၇ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ (၁၀၁၈) စင်တီမီတာရှိကြောင်း သိရသည်

ခရိုင်(ပြန်/ဆက်)