မြိုင်  ၁၇  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စံပြကွက်၊ စမ်းသပ်ကွက်စိုက်ပျိုးသော အကျိုးဆောင် တောင်သူများအား ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။

 

အခမ်းအနားတွင် တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင် က မြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုးသောစံပြကွက်များ ပိုမိုဖော်ဆောင်နိုင်ရန်၊ မြေဩဇာနှင့် ပိုးသတ်ဆေးများကို နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်၍ အသုံးပြုရန်၊ ဈေးကွက်ဝယ်လိုအား ကောင်းသောသီးနှံများကို စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် အကျိုးဆောင်တောင်သူများထံ ဆင်းသုခစပါးမျိုး၊ မနောသုခစပါးမျိုး၊ မိုးနှောင်းချည်မျှင်ရှည်ဝါ (ငွေချည်-၁၁)၊ မကွေး-၁၆(မြေပဲမျိုး)၊ စိန်တစ်လုံးသရက်ပျိုးပင်၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ ယူရီးယားပုလဲဓာတ်မြေဩဇာ၊ ကျောက်မှုန့်မြေဩဇာ၊ တမာဓာတ်မြေဩဇာ၊ ဘိုကာရှိ မြေဩဇာ၊ တမာပိုးသတ်ဆေး၊ ဟင်းသီး/ဟင်းရွက်မျိုးစေ့များ၊ အကျိုးပြု အဏုဇီဝ EM ဖျော်ရည်ဘူးများကို ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)