လှိုင်းဘွဲ ၁၇ ဇူလိုင်
လှိုင်းဘွဲမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် အာဇာနည်နေ့အမှတ်တရ စာအုပ်များကို ယနေ့နံနက်ပိုင်းက အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အာဇာနည်နေ့အထိမ်းအမှတ် အမှတ်တရစာအုပ်ထဲတွင် အာဇာနည်(၉)ဦးအကြောင်း၊ ရန်ကုန်မြို့ မြို့တော်ခန်းမတွင် တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး၌ ဖဆပလဉက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံး ပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား၊ အာဇာနည်ခေါင်းကြီးများကျဆုံးပြီး ထုတ်လွှင့်သည့် သခင်နုမိန့်ခွန်းများ၊ ဆရာဇော်ဂျီ၊ ဆရာတင်မိုးတို့၏ ကဗျာများ ပါဝင်သည်။
အဆိုပါ အာဇာနည်နေ့ အမှတ်တရစာအုပ်များကို မြို့မဈေး၊ ကားဂိတ်၊ အခြေခံပညာကျောင်း၊ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် လူစည်ကားရာနေရာများတွင် လှိုင်းဘွဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


