ဆွမ်ပရာဘွမ်  ၁၇ ဇူလိုင်

 

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အင်ဆိုင်ယန်ကျေးရွာရှိ ဘက်စုံသုံးခန်းမ ဆောက်လုပ်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်းစီမံကိန်း VDP ရန်ပုံငွေကျပ် သိန်း (၁၀၀) ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်း ၆၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

“ကျွန်မတို့ကျေးရွာအတွက် ကျေးရွာဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ပေးခြင်းဖြင့် အင်ဆိုင်ယန်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လူမှုရေးလုပ်ငန်းများ၊ အစည်းအဝေးပွဲများ၊ ဘာသာရေးပွဲများ၊ အခမ်းအနားများကျင်းပရာတွင် နေရာအခက်အခဲမရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း” ကျေးရွာအထောက်အကူပြု ကော်မတီဝင် ဒေါ်နန်းအွမ်းက ပြောသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်းစီမံကိန်း VDP ဖြင့် ကျေးရွာ (၄)ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀) နှုန်းဖြင့် ဆောင်ရွက်မည်ဖြစ်ရာ အင်ဆိုင်းယန်ကျေးရွာ၊ ဆူယန်ကျေးရွာ၊ ကရန်ယန် ကျေးရွာတို့တွင် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ခြင်းနှင့် အင်ကောမကျေးရွာတွင် စာသင်ကျောင်းအတက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(ဆွမ်ပရာဘွမ် ပြန်/ဆက်)