ညောင်ဦး ၁၇ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းပိတ်ထားစဉ် ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ)ထံက သိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့မှစတင်ကာ ခေတ္တယာယီပိတ်ထားခဲ့ရာ မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆင်စာဘူဖေးကျွေးမွေး လှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဆင်စခန်းပိတ်ထားသည့် ကာလအတွင်း ဆင်ဘူဖေးကျွေးသူ များပြားလာကာ (၃၅)ကြိမ်ကျော်ထိ ဆင်စာဘူဖေးကျွးမှုများပြားလာပြီး နောက်ထပ်ကျွေးမွေးဖို့ Online မှလည်း ကြိုတင် ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုထံက သိရသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိ ဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေးကျွေးမွေး လှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်း နိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိက ကျွေးကြကာ ရာသီပေါ်သီနှံများ အားကျွေးမွေးကြကာ ဆင်စာဘူဖေး တစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တနေ့စာ ဆင်ခုနှစ်ကောင်အတွက် တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ပလင်းကမ်းသာယာ ဆင်စခန်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားစဉ်ကာလအတွင်း ဖုန်းဖြင့်ဖြစ်စေ၊ ဆင်စခန်း Page များမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်းကမ်းသာယာ ဆင်စခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ဖုန်း-၀၉၄၂၉၂၉၃၂၄၈ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွေးမှု (၃၅)ကြိမ် ကျော်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ မြို့အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့် ဆင်စခန်းများမှာ ကိုဗစ်-၁၉ ကာလ ဆင်စာခက်ခဲလျက်ရှိကာ တောတောင်၊ ရေမြေသဘာဝ အခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိဆင်များအတွက် အစာရေစာမခက်ခဲကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


