မင်းဘူး ၁၇ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် Covid-19 ကာလအတွင်း ယာယီပျံကျဈေး (ဘောလုံးကွင်း)တွင် ရောင်းချနေသော အသားငါးနှင့် ကုန်စိမ်းဈေးသည်များကို ယနေ့နံနက် ၆ နာရီ အချိန်မှစ၍ မြို့မဈေးကြီးအတွင်း ပြန်လည်စတင်ရောင်းချခွင့်ပြုခဲ့ကြောင်း သိရသည်။
“Covid-19 ကာလမှာ ပျံကျဈေးသည်တွေအနေနဲ့ ခရိုင်ဘောလုံးကွင်းထဲမှာ ယာယီရောင်းချခဲ့ပြီး အခုဆို မြို့မဈေးကြီးထဲကို ပြန်လည်ရောင်းချခွင့်ပြုခဲ့ပါတယ်၊ ဈေးကြီးပြုပြင်ခွင့်ရဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြပြီး ခွင့်ပြုခွင့်ငွေနဲ့ ဆောင်ရွက်ပေးခဲ့တာပါ၊ အခုလိုပြန်လည် ရောင်းချနိုင်ဖို့အတွက် ဆိုင်ခန်းနေရာ ချထားနိုင်ရေးကို ဌာနဆိုင်ရာအဖွဲ့တွေ၊ ဈေးကော်မတီဝင်တွေ၊ စည်ပင်သာယာ(ဈေး)အဖွဲ့တွေ၊ ဈေးသူ/ဈေးသားတွေနဲ့ ဈေးဓမ္မာရုံမှာ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး ဆိုင်ခန်းနေရာတွေကို မဲစနစ်နဲ့ဆောင်ရွက် ပေးခဲ့ပါတယ်၊ အဆောက်အဦနဲ့ ဈေးကြီးပတ်လည် ပြုပြင်တဲ့ ကုန်ကျစရိတ်ကတော့ သိန်း ၇၀၀ ကျော် ကုန်ကျခဲ့ပါတယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောကြားသည်။
“မြို့မဈေးကြီးအတွင်း အသားရုံကြီး ၂ ရုံထဲမှာ အမဲသားသည် ၁၃ ဦး၊ ဝက်သားသည် ၄ ဦးနဲ့ ဆိတ်သားသည် ၅ ဦးတို့ကို ရောင်းချခွင့်ပြုပေးထားပါတယ်၊ နောက်ပြီး ငါးသည်များအတွက် ၅၅ ခန်း၊ ကြက်သားသည် များအတွက် ၆၅ ခန်း၊ စားသောက်ဆိုင် ၁၂ ခန်း၊ ကုန်ခြောက်ဆိုင် ၄၀ ခန်းနဲ့ ဈေးရုံတွင်း ပျံကျကုန်စိမ်းသည် အတွက် ဆိုင်နေရာ ၅၀ တို့ကလည်း မဲစနစ်နဲ့ စီစဉ်ဆောင်ရွက်ပေးပြီးတော့ ယနေ့မှစပြီး စတင်ရောင်းချခွင့် ပြုခဲ့ပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး (ဈေး) ဒေါ်စိုးစိုးသန်းက ပြောသည်။
အဆိုပါဈေးသည်များကို ဧပြီ ၁၃ ရက်နေ့မှစပြီး ယာယီပျံကျဈေး (ဘောလုံးကွင်း)တွင် ပြောင်းရွှေ့ ရောင်းချခွင့်ပြုခဲ့ပြီး ယခုအခါ မြို့မဈေးကြီးအတွင်း ဆိုင်ခန်းနေရာများ အသစ်ပြန်လည် တည်ဆောက်ပြီးစီး၍ ပြန်လည်စတင်ရောင်းချခွင့် ပြုခဲ့ကြောင်း၊ စည်းကမ်းတကျ ဈေးရောင်းချနိုင်ရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)


