လေရှီး ၁၇ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းဆောင်ရွက် မည့် ကျေးရွာ ၁၃ ရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း လေရှီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့ထံမှ သိရသည်။
အဆိုပါ Cash For Work စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများမှာ ရော်ပါးမီကျေးရွာ၊ ကျဲကော့ကျေးရွာ၊ မွန်းကိုင်လင် ကျေးရွာ၊ ငကျန်ကျေးရွာ၊ အမိမီကျေးရွာ၊ ကူကီးရွာမကျေးရွာ၊ ထဝိုင်ကျေးရွာ၊ မြေနီကုန်းကျေးရွာ၊ ဆုံကင်းကျေးရွာ၊ အောင်ဇေယျကျေးရွာ၊ ဂျီချဲခါးကျေးရွာ၊ ဘုံဘားကျေးရွာနှင့် ဖွန်သရက်ကျေးရွာတို့ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေကျပ် သိန်း ၁၀၀ ဖြင့် ဆောင်ရွက်မည်ဖြစ်ကာ ကျေးရွာ(၁၃)ရွာမှ အိမ်ခြေ ၇၁၃ အိမ်၊ လူဦးရေ ၃၇၆၆ ဦးတို့ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းသည် ကျေးရွာရှိကုန်ထုတ်လမ်းများနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းစနစ်ဖြင့် ကျေးလက်နေ ပြည်သူများ၀င်ငွေရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်


