ကျောက်မဲ  ၁၇  ဇူလိုင်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဉပဒေနှင့်အညီ အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ မိသားစုအား ငွေလုံးငွေရင်းခွင့်ပြုထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကျောက်မဲမြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မူဝင်းက လူမှုဖူလုံရေးရုံးတွင်  အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ကျန်းမာရေးအတွက် ဆေးကုသမှုနှင့် လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးခြင်းများအတွက်  ၂၀၁၂ ခုနှစ်လူမှုဖူလုံရေး  ဉပဒေနှင့်အညီ ခွင့်ပြုငွေများကို စနစ်တကျ ထုတ်ပေးနေမှုကို ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက်  လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးမှုဖြစ်ခဲ့သည့် High Tech Concrete Technology Co,ltd မှ အာမခံ အလုပ်သမားဖြစ်သည့်  ဦးကျော်လင်းအောင်၏ ကျန်ရစ်သူမိသားစုအတွက် ငွေလုံးငွေရင်း ငေွကျပ် ၇၂၆၀၀၀၀ အား ဦးကျော်လင်းအောင်၏ ဖခင်ဖြစ်သူ  ဦးအောင်လင်းထံ ထုတ်ပေးခဲ့သည်။

 

ကျောက်မဲမြို့နယ်တွင် လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသည့် အလုပ်ဌာန စုစုပေါင်း၂၀၁ ဌာနရှိပြီး လူမှုဖူလုံရေးမှ အာမခံ အလုပ်သမားပေါင်း ၁၃၆၈ ဦးရှိကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)