နေပြည်တော် ၁၇ ဇူလိုင်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ပူးပေါင်း၍ အမျိုးသားအဆင့်အဓမ္မ ခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaints Mechanism-NCM) လည်ပတ်အကောင်အထည်ဖော် မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပတ်သက်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင် အထည်ဖော်ရေး အမျိုးသားကော်မတီအဖွဲ့ဝင်များ၊ ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li နှင့် (ILO) ရန်ကုန်ရုံးမှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က အဓမ္မခိုင်းစေမှုပပျောက်ရေးကို ၂၀၀၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆယ်စုနှစ် နှစ်ခုနီးပါး ILO အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် Decent Work Country Programme-DWCP (2018-2021) ကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်များနှင့် ILO တို့ လက်မှတ်ရေးထိုးကာ DWCP ဦးစားပေးလုပ်ငန်းစဉ် (၃) ရပ်ချမှတ်ခဲ့ပြီး လုပ်ငန်းစဉ် (၂) အရ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
DWCPပါလုပ်ငန်းစဉ်အရ အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၁)ရေးဆွဲပြီး အဓမ္မခိုင်းစေမှု ပပျောက်ရေးကို အမျိုးသားအဆင့်တိုင်ကြားမှုယန္တရား (National Complaints Mechanism-NCM) ထူထောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်ရာတွင် သက်ဆိုင်သည့်ဝ န်ကြီးဌာနများနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ကိုယ်စားလှယ်များပါဝင်သည့် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၂)ရက်၌ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ပါကြောင်း။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၁−၂၂ ရက်နေ့များတွင် ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ၌ အလုပ်သမားကိုယ်စားလှယ်များက အမျိုးသားကော်မတီတွင် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်လိုကြောင်း အဆိုပြုခဲ့ပြီး ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ်ကပါ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ထည့်သွင်းဖွဲ့စည်းခြင်းဖြင့် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား ပုံရိပ်ကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း အကြံပြုခဲ့သည့်အတွက် မိတ်ဖက်များနှင့် ILO ၏ အကြံပြုချက်ကို အလေးထား သောအားဖြင့် အမျိုးသားကော်မတီတွင် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ ပါဝင်ရေး နိုင်ငံတော်သမ္မတရုံး ထံ တင်ပြခွင့်ပြုချက်ရယူပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၈ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က ပြင်ဆင်ဖွဲ့စည်းပေး ခဲ့ပါကြောင်း။ အဆိုပါ ကော်မတီတွင် မိတ်ဖက်များဖြစ်သည့် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်ပါ ထည့်သွင်းဖွဲ့စည်းထားသည့်အတွက် ထူးခြားသည့် ကော်မတီဖြစ်ပါကြောင်း။
တိုင်ကြားမှုယန္တရားကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှ စတင်လည်ပတ်ခဲ့ပြီး တိုင်ကြားလိုသူများအနေဖြင့် အမျိုးသား အဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားရုံးအဖွဲ့သို့ တိုက်ရိုက်တိုင်ကြားနိုင်သကဲ့သို့ ILO အပါအဝင် လွှတ်တော်၊ နိုင်ငံတော်သမ္မတရုံး၊ အဖွဲ့အစည်းများမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်းကို အများပြည်သူ သိရှိနိုင်ရန် မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယို၊ FM ရေဒီယိုများနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၁ ရက်ကစတင် အသိပေးကြေညာခဲ့ပါကြောင်း။
အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် အမျိုးသားကော်မတီ အဖွဲ့ဝင်များအတွက် ILO ၏ အကူအညီဖြင့် Orientation Session ကို ဖေဖော်ဝါရီ ၂၇ ရက်၌ နေပြည်တော်တွင် ကျင်းပခဲ့ပြီး ကော်မတီဝင်များအနေဖြင့် အဓမ္မခိုင်းစေမှုနှင့်ပတ်သက်၍ အဓိကကျသည့် အချက်များကို သေချာစွာ သိရှိပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်း။
ယနေ့ ညှိနှိုင်းအစည်းအဝေးတွင် အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု၊ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်မှုများကို ရှင်းလင်းဆွေးနွေးသွား မည်ဖြစ်ပါကြောင်း။
NCMထူထောင်ဆဲကြားကာလယန္တရားမှာ SU ယန္တရားအရ ပိတ်သိမ်းရန် ကြန့်ကြာနေသည့် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ၃၇၈ မှုကို ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်ရန် ကာကွယ်ရေးဝန်ကြီးဌာန၊ မိမိတို့ဝန်ကြီး ဌာန နှင့် ILO တို့ ညှိနှိုင်းအစည်းအဝေး ၃ ကြိမ် ကျင်းပပြီး ၂၁၇ မှု ပိတ်သိမ်းနိုင်ခဲ့ပြီး ကျန် ၁၆၁ မှုကို အမြန်ဆုံး ပိတ်သိမ်းနိုင်ရေး ILO ကို အလေးထား ဆောင်ရွက်ပေးပါရန် ပြောကြားလိုပါကြောင်း။
ILO က SU ယန္တရားအရ လက်ခံထားပြီး SU ကာလပြီးဆုံးချိန်မှ ပေးပို့ခဲ့သည့် ၂၇၇ မှုကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဖြေရှင်းပြီး ပြန်ကြားချက်များပေးပို့ခဲ့သည့် အပေါ် ILO က ပိတ်သိမ်းပေးခဲ့သည့် အမှုများရှိသကဲ့သို့ ပိတ်သိမ်းရန် ကျန်သည့်အမှုများပါ အမြန်ဆုံးပိတ်သိမ်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း။ ကာကွယ်ရေးက ဖြေရှင်းရန်ကျန်သည့်အမှုများကို အမြန်ဆုံးဖြေရှင်း ပြန်ကြားပေးရန် တိုက်တွန်းပြောကြား လိုပါကြောင်း။
အဓမ္မခိုင်းစေမှုပပျောက်ရေးသည်နိုင်ငံတော်၏အန္တိမရည်မှန်းချက်ဖြစ်ပြီး ဌာန၊ အဖွဲ့အစည်းတစ်ခုထဲဖြင့် အဆိုပါ ရည်မှန်းချက်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်မဖြစ်နိုင်သည့်အတွက် သက်ဆိုင်ရာဌာနများနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ အမျိုးသားရေးခံယူချက်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။
ထို့နောက် ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li က နှုတ်ခွန်းဆက်စကားပြောကြားပြီး အမျိုးသားအဆင့် အဓမ္မ ခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီ အတွင်းရေးမှူး၊ အလုပ်သမား ရေးရာဆိုင်ရာ၊ အမြဲတမ်းအတွင်းဝန်က အဓမ္မခိုင်းစေမှု ပပျောက်ရေးလုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၁)ကို လည်းကောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ NCM က စံသတ်မှတ်ထားသည့် လုပ်ငန်းစဉ်များနှင့် NCM သို့ တိုင်ကြားလာသည့်အမှုများ ဖြေရှင်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးကြရာ တက်ရောက်လာကြသည့် အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှု ယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်


