နေပြည်တော် ၁၇ ဇူလိုင်
Digital Trade နှင့် e-Commerce ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၏ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် Digital Trade နှင့် e-Commerce ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က Digital Trade နှင့် e-Commerce ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ဆပ်ကော်မတီအစည်းအဝေးများကို (၃) လခြားပြီး ဆောင်ရွက်ရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကြောင့် ပုံမှန်မကျင်းပနိုင်ဘဲ နှောင့်နှေးခဲ့ရခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ ကာလမှာ Digital Trade နှင့် e-Commerce အပိုင်းတွေကို ပိုမိုမြှင့်တင် ဆောင်ရွက်လာနိုင်ခဲ့ပါကြောင်း၊ e-Commerce နှင့်ပတ်သက်၍ Registration ပြုလုပ်ရန်၊ Regulation လုပ်ဆောင်သွားရန် ယခင် အစည်းအဝေး မှာလည်းဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက် (၈) ခု ချမှတ်နိုင်ခဲ့ပါကြောင်း၊ ၎င်း ဆုံးဖြတ်ချက်များအား အကောင်ထည်ဖော်ဆောင်ရွက်လျက် ရှိရာ တိုးတက်မှုအနေဖြင့် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း၊ ဆက်လက်တိုးတက်အောင်လည်း ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များမှလည်း လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆပ်ကော်မတီအတွင်းရေးမှူးက ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ဆပ်ကော်မတီ၏ ဆောင်ရွက်ရမည့် Action Plan၊ ပြင်ဆင်ဖွဲ့စည်းသွားမည့် အဆိုပြုအဖွဲ့ဝင်များအားတင်ပြခဲ့ပြီး ဆပ်ကော်မတီဝင် များ၊ ဖိတ် ကြားထားသူများမှ e-Commerce၊ Digital Trade၊ Digital Payment၊ e-Commerce Guideline၊ e-Commerce (Online Shop) Registration တို့နှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေ များအားတင်ပြခဲ့ရာ ဆပ်ကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြာကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ဆပ်ကော်မတီအဖွဲ့ဝင်ဌာနများဖြစ်သော မြန်မာနိုင်ငံ တော် ဗဟိုဘဏ်၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာ နိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့မှ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့် ဌာနများဖြစ်သော သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းတို့မှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ e-Commerce Association အသင်း(၂)ဖြစ်သော Myanmar Digital Economy Association နှင့် e-Commerce Association of Myanmar Incorporated တို့မှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍမှ Daraz Myanmar Co.,Ltd (shop.com)မှ ပုဂ္ဂိုလ်များနှင့် တာဝန်ရှိ သူများတက်ရောက် ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


