မြောင်းမြ ၁၇ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်းရှိ ပြန်လည်ဖွင့်လှစ်တော့မည့် အထက်တန်း ၊အလယ်တန်း ကျောင်းများသို့ ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြောင်းမြမြို့ မြရွှေဝါခန်းမ၌ ကျင်းပရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက စာသင်ကျောင်းများသို့ ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့မိမြို့ဖများ၊ တာဝန်ရှိသူများက တက်ရောက်လာသော အထက ကျောင်းအုပ်ကြီးများသို့ လည်းကောင်း၊ ကိုဗစ်ကော်မတီဥက္ကဌက အလယ်တန်းကျောင်းများကိုယ်စား ဒုတိယ မြို့နယ်ပညာရေးမှူးအား လည်းကောင်း ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။
၂၀၂၀ -၂၀၂၁ ပညာသင်နှစ်အတွက် မြောင်းမြမြို့နယ်အတွင်း အထကနှင့် အထက(ခွဲ)(၃၈)ကျောင်း၊ အလကနှင့် အလက(ခွဲ) (၅၁)ကျောင်း၊ စုစုပေါင်း (၈၉)ကျောင်းအတွက် PPE ဝတ်စုံ (၉၀)၊ လက်ဆေး ဆပ်ပြာရည်ပုလင်း(၁၈၀)၊ Mask (၁၅၄၀၀)၊ Face Shield (၈၀၀) တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မင်း(မြောင်းမြ)


