၁၈  ဇူလိုင်

အာဇာနည်တို့၏အကြောင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀၀ ကျော်က အရှင်အာနန္ဒာ၏ မေးလျှောက်ချက်နှင့် ပတ်သက်၍ ဗုဒ္ဓရှင်တော်ဘုရားက ဖြေကြားခဲ့သည်မှာ “အို အာနန္ဒာ လူယောက်ျားမြတ်အာဇာနည်မည်သည်ကား လွန်စွာဖြစ်ခဲလှစွာ၏။ ထိုအာဇာနည်ယောက်ျားမျိုးကား နေရာခပ်သိမ်း၊ လူခပ်သိမ်းတို့၌ မဖြစ်လေ။ အကယ်၍ အမြော်အမြင်ဉာဏ်နှင့် ပြည့်စုံသော ထိုအာဇာနည်ပုဂ္ဂိုလ်မျိုးသည် အကြင်သို့သော တိုင်းနိုင်ငံ၊ အကြင်သို့သော အရပ်ဒေသ၊ အကြင်သို့သော လူမျိုး၌ တစ်ရံတစ်ဆစ် ဖြစ်ထွန်းလာသည် ဖြစ်လေအံ့။ ထိုတိုင်းနိုင်ငံ၊ ထိုအရပ်ဒေသ၊ ထိုလူမျိုး သည် ချမ်းသာခြင်းရှိသည်ဖြစ်ရာ ကြီးပွားသတည်း” ဟု ၁၉၆၉ ခုနှစ်က ဆရာကြီး ဒဂုန်ဦးစန်းငွေက “အာဇာနည်တို့၏ သမိုင်းရေစီးကြောင်း ဆောင်းပါး” တွင် ရေးသားဖော်ပြခဲ့သည်ကို မှတ်သားဖူးသည်။

ဗုဒ္ဓအလိုအရ အာဇာနည်ပုဂ္ဂိုလ်တို့သည် ရာစုနှစ်တစ်ခုတွင် တစ်ယောက်ပေါ်ပေါက်ခဲသော ပုဂ္ဂိုလ်ထူးဖြစ်သည်။ ဗုဒ္ဓအလိုကျ အာဇာနည် ပုဂ္ဂိုလ်သည်ကား ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မြန်မာ့သမိုင်းစဉ်တစ်လျှောက် တစ်ယောက်ဆိုတစ်ယောက် ပေါ်ပေါက်ခဲသော ပုဂ္ဂိုလ်မျိုးဖြစ်သည်။ ထိုကဲ့သို့သော အာဇာနည်ပုဂ္ဂိုလ်မျိုးသည် ပေါ်ထွန်းခဲသည်ဖြစ်၍ ထိုအာဇာနည်ပုဂ္ဂိုလ်တို့ကဲ့သို့ စိတ်ထားရှိသူများဖြစ်လာအောင် ကြိုးပမ်း အားထုတ် ကြရမည်ဖြစ်သည်။ လောကတွင် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ရဟန်းအာဇာနည်၊ လူအာဇာနည်များ အမြောက်အမြား ပေါ်ပေါက်ခဲ့ပါသည်။ ထိုယောက်ျားအာဇာနည်တို့သည်ကား ကိုယ်ကျင့်သီလသိက္ခာနှင့်ပြည့်စုံ ပြီး မိမိတို့ရပ်ရွာ၊ မြို့နယ်ခရိုင်၊ တိုင်းနိုင်ငံအကျိုးအတွက် နောက်ဆုံး ထွက်သက်အထိ ပြုလုပ်စွမ်းဆောင်နိုင်သည့် စွမ်းအား၊ လုံ့လ၊ ဝီရိယ ပြည့်စုံသူတို့ ဖြစ်သည်။

ဖြစ်နိုင်သည် မိမိနေသည့်စုံကာ အေးတင်ပြုလျှင် ထိုရပ်တို့၏ ထိုကဲ့သို့ အာဇာနည်ဖြစ်အောင် ကြိုးပမ်းအားထုတ် ကြရမည်ဖြစ်သည်။ အာဇာနည်အဖြစ် ကျင့်ကြံအားထုတ်လိုသူတို့သည် ခေတ်သမိုင်း၌ ထင်ရှားသည်ဖြစ်စေ၊ မထင်ရှားသည်ဖြစ်စေ ဗုဒ္ဓအလိုကျ အာဇာနည်ပုဂ္ဂိုလ်မျိုး ဖြစ်အောင် အတတ်နိုင်ဆုံးကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။ အာဇာနည်ကဲ့သို့ ပုဂ္ဂိုလ်သည် မိမိနေအိမ်ပတ်ဝန်းကျင်တွင်ရှိလျှင်ပင် ထိုပတ်ဝန်းကျင်သည် ကျက်သရေမင်္ဂလာပြည့်စုံကာ အေးချမ်းပေသည်။ ရပ်ထဲရွာထဲ အာဇာနည်စိတ်ဓာတ်ရှိသူများ ဦးစီးခေါင်းဆောင် ပြုလျှင် ထိုရပ်ရွာသည် အေးချမ်းသာယာသည်။ ဖွံ့ဖြိုးတိုးတက်သည်။ အာဇာနည်ခေါင်းဆောင်တို့၏ ဂုဏ်ရည်ကို ခြုံငုံသုံးသပ်ကြည့်လျှင် နှလုံးသွင်းကောင်းသည့် လက္ခဏာကို တွေ့ရမည် ဖြစ်သည်။

နှလုံးသွင်းကောင်းသောသူသည် အကောင်းမြင်ဝါဒရှိသည်နှင့်အတူ အများအကျိုးအတွက် အနစ်နာခံဆောင်ရွက် နိုင်ရေးတွင် ဝန်မလေးတော့ပေ။ ထို့ကြောင့် မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့ရပ်ရွာ၊ မြို့ပြနိုင်ငံနှင့် မိမိတို့ လူမျိုးဖွံ့ဖြိုးရေးအတွက် မိမိတို့၏စိတ်ဓာတ်နှင့် အပြုအမူတို့ကို ဆင်ခြင်စစ်ဆေး၍ နှလုံးသွင်းကောင်းသူများ ဖြစ်အောင် ဦးစွာကြိုးစားအားထုတ်သင့်သည်။ မိမိတို့ကိုယ်ကို မိမိတို့ကိုယ်တိုင် စစ်ဆေးသည်နှင့် ပြုပြင်သင့်သော အချက်များ များစွာတွေ့မည်ဖြစ်သည်။ ယင်းတို့ကို ကြိုးစားပြုပြင်ပြီး နှလုံးသွင်းကောင်းကောင်းဖြင့် အများအကျိုးအတွက် အနစ်နာခံဆောင်ရွက် နိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်ကြပါလျှင် အများကြည်ညို လေးစားသည့် အာဇာနည်ယောက်ျားများ ဖြစ်ကြပါလိမ့်မည်။

ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့အနေဖြင့် တစ်ခေတ်တွင်တစ်ယောက် စစ်စစ်ပေါက်ပေါက် ပေါ်ထွန်းခဲ့သည့် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်သားလိုက်နာဖွယ်ရာအချက်များကို အစဉ်မပြတ် သတိပြု လေ့လာခဲ့ကြပေသည်။ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းထားချက် အစီအစဉ်များကို တတ်နိုင်သလောက် ကြိုးစား၍ အကောင်အထည်ဖော်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ယုံကြည်ချက်ဝါဒကို ကြိုးစား၍လိုက်နာခြင်း စသည်တို့ကို ဆောင်ရွက်ကြလျှင်လည်း အများပြည်သူနှစ်သက်လက်ခံသည့် အာဇာနည်ယောက်ျားကောင်းများ ဖြစ်ပေလိမ့်မည်။ ။

ကျွန်ုပ်တို့သည် နိုင်ငံတော်၏ကျေးဇူးရှင် မြန်မာ့ခေါင်းဆောင်ကြီး၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းအား ကျေးဇူးသိကြပါသည်။ ကျေးဇူးတုံ့ပြန်လိုကြပါသည်။ သို့ဆိုလျှင် မိမိကိုယ်ကိုမိမိ ကောင်းသော နှလုံးသွင်းလျက် အများအကျိုးအတွက် အနစ်နာခံဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်မှာကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်ခြင်းဖြင့် လည်းကောင်း မျက်မှောက်ကာလလောက၏ အာဇာနည်ယောက်ျားကောင်းများ ဖြစ်လာအောင် ကြိုးစားအားထုတ် နိုင်ပါသည်။

သို့ဖြစ်ရာ မြန်မာပြည်တစ်ခွင် အာဇာနည်ယောက်ျားကောင်းများ ပေါ်ထွန်းလာရေးအတွက် နှလုံးသွင်းကောင်းစွာ ကြိုးပမ်းဆောင်ရွက်ခြင်း ဖြင့် တိုင်းပြည်အေးချမ်းသာယာဝပြောစေမည့် ဗုဒ္ဓအလိုကျ ချမ်းသာခြင်းကို ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ