၁၈ ဇူလိုင်
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲများကာလက ဗြိတိသျှနယ်ချဲ့ကို ဆန့်ကျင်ရင်း အသက်စွန့်ခဲ့ရသူ မြန်မာနိုင်ငံ၏ အာဇာနည်တစ်ဦးအဖြစ် ထင်ရှားသော ဆရာတော် ဦးဝိစာရကိုယ်တော်၏ အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားကို ၁၉၄၃ အောက်တိုဘာ ၂ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်းက စစ်ဝန်ကြီးအဖြစ် တက်ရောက်ကာ ဂုဏ်ပြု မိန့်ခွန်းပြောကြားခဲ့ရာတွင်
ယနေ့ယခု စုရုံးကြရသည့်ကိစ္စမှာ အင်္ဂလိပ်တို့၏အကျဉ်းထောင် ထဲတွင် နိုင်ငံအတွက် ၁၆၆ ရက်တိုင် အစာငတ်ခံဆန္ဒပြရင်း ပျံလွန်တော်မူသွားရရှာသော အရှင်ဦးဝိစာရ ကိုယ်တော်ကြီးအား ချီးကျူးရခြင်း ဖြစ်ကြောင်း၊ ယခုပြုလုပ်သည်မှာ အစိုးရတစ်ခုတည်းက မဟုတ်ဘဲ တိုင်းပြည်နှင့်အဝန်း အသက်ကို စွန့်စားသည့် အာဇာနည်များအား ပူဇော်ကြရခြင်းပင်ဖြစ်ကြောင်း၊ မင်္ဂလာတရားတော်နှင့်အညီ ပူဇော်ထိုက်သူကို ပူဇော်ကြခြင်းဖြစ်ပြီး ပူဇော်ရခြင်းမှာလည်း ထိုအာဇာနည်များ၏ အနိုင်မခံလိုစိတ်၊ မျိုးချစ်စိတ်၊ အမြုတေစိတ် များကို ချီးကျူးပူဇော်ကြခြင်းဖြစ်ကြောင်း၊ ... ယုံကြည်ချက်အတွက် အသက်သေခံမည်ဟူသည့် အာဇာနည်စိတ်ဓာတ်ကို ချီးကျူးဖို့ကောင်းကြောင်း၊ ရှေ့လုပ်ငန်းများအတွက် ဆရာတော်ဦးဝိစာရကဲ့သို့ စိတ်ဓာတ်မွေးမြူကြဖို့ အရေးကြီးကြောင်း၊ လွတ်လပ်ရေးအတွက် အရိုးကြေကြေ အရေခန်းခန်း တစ်ယောက်တည်း ကျန်လျှင်ကျန် ကြိုးစားမည်ဟု စိတ်ဆုံးဖြတ်ပြီး အာဇာနည်အမြုတေစိတ်ကို မွေးမြူ ကြစေလိုကြောင်း မြွက်ကြားခဲ့သည်။
တစ်ဖန် မြန်မာ့လွတ်လပ်ရေး၏ အဆုံးသတ်တိုက်ပွဲများကို ဆင်နွှဲနေသည့်အချိန် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများက အရှိန်အဟုန်ဖြင့် တိုးမြင့်တက်ကြွနေချိန်ဖြစ်သော ၁၉၄၆ ဇန်နဝါရီ ၂၀ ရက်မှ ၂၃ ရက်ကာလက ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ဖဆပလအဖွဲ့ချုပ်ကကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ညီလာခံ တစ်ရပ် ကျင်းပခဲ့ပေသည်။ ထိုညီလာခံမစတင်မီ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် အလယ်ပစ္စယံကုန်းမြေ၌ ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေးတိုက်ပွဲတွင် ကျဆုံးခဲ့ရှာသော ရဲဘော်များ၊ ပြည်သူများကို အာဇာနည်များအဖြစ် ဂုဏ်ပြု အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူပြီး အလေးပြုသည့် အခမ်းအနားကို ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်း ကိုယ်တိုင် တက်ရောက်ကျင်းပခဲ့သည်။
ထိုအခမ်းအနားတွင် ခေါင်းဆောင်ကြီး ဦးအောင်ဆန်းက ဗိုလ်မှူးကြီးဗထူး၏ လုပ်ရည်ကိုင်ရည်နှင့် သူရသတ္တိကို ချီးကျူးရင်း ယနေ့ပြုလုပ်သောပွဲသည် ဗမာပြည်လွတ်လပ်ရေးအတွက် တိုက်ခိုက်ရင်း ကျဆုံးသော ရဲဘော်များကို ရည်စူး၍ ချီးကျူးသည့် အထိမ်းအမှတ်ပွဲဖြစ်ကြောင်း၊ ယခုလို လာရောက် အရိုအသေပြုရုံမျှဖြင့် ကျဆုံးသော ရဲဘော်များကို ချီးကျူးရာရောက်မည် မဟုတ်ကြောင်း၊ တကယ် ချီးကျူးရာရောက်အောင် ၎င်းရဲဘော်များ သွေးနှင့် စိုက်ပျိုးခဲ့သည့် လွတ်လပ်ရေးပန်းပင်ကို အစဉ်တစိုက် မြေတောင်မြှောက်ပေး၊ ရေလောင်းပေါင်းသင်ပေးရန် လိုကြောင်း၊ ယင်းသို့ ဆက်လက်ကြိုးပမ်း လုပ်ကိုင်ကြမှသာ အမှန်တကယ် ချီးကျူးရာရောက်မည်ဖြစ်ကြောင်း၊ ကျဆုံးသူများကို အမြဲအမှတ်ရနေပြီး တိုင်းပြည်နှင့်လူမျိုး အကျိုးရှိမည့်အလုပ်ကို လုပ်ကြရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးကို တညီတညွတ်တည်း ရှေးရှုလုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ မလုပ်ကြဘူးဆိုလျှင် ကျဆုံးသူများကို သစ္စာဖောက်ရာရောက်နေမည် ဖြစ်ကြောင်းနှင့် ပြောကြားခဲ့သည်။
အမျိုးသားခေါင်းဆောင်ကြီး၏ မိန့်မှာချက်မှာ လွန်စွာတန်ဖိုး အလေးအမြတ်ပြုအပ်လှပါသည်။ အာဇာနည်များ ဟူသည် မိမိတို့ ယုံကြည်ချက်အတွက်၊ မိမိတို့ နိုင်ငံနှင့်လူမျိုးအတွက် အသက်ကို စွန့်လွှတ်ခဲ့ကြသူများဖြစ်၏။ ထိုသူတို့မှာ ပူဇော်ထိုက်သူများဖြစ်၏။ အလေးအမြတ်ပြုကာ မမေ့အပ်သူများဖြစ်၏။
ထို့ပြင်တဝ၊ အလေးပြုရုံမျှဖြင့်မပြီးဘဲ ထိုသူတို့ ကြိုးပမ်းခဲ့သော ပန်းတိုင်များကို မျက်ခြည်မပြတ်ဘဲ ဆက်လက်အားထုတ်ဆောင်ရွက်ကြခြင်းဖြင့်သာ အာဇာနည်တို့ကို ဂုဏ်ပြုချီးကျူးအလေးပြုရာ ရောက်မည်ကို သတိပြုအပ်ပါသတည်း။ ။
မြန်မာ့အလင်း