နေပြည်တော်   ၁၈  ဇူလိုင်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အမှတ်တရ စာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာဘာသာဖြင့် အုပ်ရေငါးသောင်းနှင့် အင်္ဂလိပ် ဘာသာဖြင့် အုပ်ရေငါးထောင်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။

အဆိုပါ အမှတ်တရစာအုပ်တွင် အာဇာနည် ခေါင်းဆောင်ကြီး ကိုးဦး၏ အတ္ထုပ္ပတ္တိများ၊ ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်း၏ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေး၌ နောက်ဆုံးပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အာဇာနည်ဗိမာန် လေးချိုးကြီး၊ ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အာဇာနည်နေ့ အမှတ်တရစကား၊ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ ဆုတောင်းစကား၊ အာဇာနည်ခေါင်းဆောင်များကျဆုံးပြီး ထုတ်လွှင့်သည့် သခင်နု၏ မိန့်ခွန်း၊ ဆရာဇော်ဂျီ၏ ပြောလိုက်ပါဘိ ဟောပါဘိ ကဗျာ၊ ဆရာတင်မိုး၏ အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့ ကဗျာ၊ ဆရာဒဂုန်တာရာ၏ ဘဝပုံသဏ္ဌာန်နှင့် ပထမအရွယ် ဆောင်းပါး၊ ဆရာ မင်းသုဝဏ်၏ ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့် ပစ္စုပ္ပန်) ကဗျာ စသည်ဖြင့် ပြည်သူများသိမှတ်ဖွယ်ရာ၊ မှတ်သား ဖွယ်ရာ အကြောင်းအရာများ စုံလင်စွာပါရှိသည်။

(၇၃) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အမှတ်တရစာအုပ်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ပြည်သူများအား ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

(ပြန်/ဆက်)