ဆွီဒင်  ၁၈  ဇူလိုင်

ရာသီဥတုပြောင်းလဲမှုအရေးကိစ္စနှင့်ပတ်သက်၍ ပိုမိုလုပ်ဆောင်ကြရန် ကမ္ဘာ့ခေါင်းဆောင်များသို့ တိုက်တွန်းထားသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဆွီဒင်ဆယ်ကျော်သက် ဂရီတာသွန်းဘတ်က ဥရောပသမဂ္ဂ ခေါင်းဆောင်များထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါပေးစာကို ဂရီတာသွန်းဘတ်က ဇူလိုင် ၁၆ ရက်တွင် ၎င်း၏ တွစ်တာအကောင့်ပေါ်၌ ရေးသားဖော်ပြခဲ့သည်။ အဆိုပါပေးစာကို ထောင်နှင့်ချီသည့် တက်ကြွလှုပ်ရှားသူများ၊ သိပ္ပံပညာရှင်များနှင့် အထင်ကရပုဂ္ဂိုလ်များ လက်မှတ်ရေးထိုးထားသည်။ ခေါင်းဆောင်များအနေဖြင့် ရာသီဥတုအရေးနှင့် ဂေဟစနစ် သဟဇာတမဖြစ်မှုကို အမှန်တကယ် အကျပ်အတည်းတစ်ခုအနေဖြင့် ကိုင်တွယ်ဖြေရှင်းမှုမရှိဘဲ ဖြေရှင်းနိုင်သယောင် ဟန်ဆောင်မနေကြရန် အဆိုပါပေးစာ၌ ဂရီတာသွန်းဘတ်က ရေးသားထားသည်။

ရုပ်ကြွင်းလောင်စာ တူးဖော်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများအားလုံးကိုလည်း အမြန်ဆုံး ရပ်တန့်ကြရန် ပေးစာတွင် တိုက်တွန်းထားသည်။ လက်ရှိအချိန် ကာလအတွင်း အကောင်းဆုံးရရှိနိုင်သည့် သိပ္ပံဆိုင်ရာ အခြေအနေအပေါ် အခြေခံလျက် တရားဝင်တာဝန်ခံမှုရှိသည့် နှစ်စဉ်ကာဗွန်အသုံးစရိတ်တစ်ရပ် ထူထောင်ရန် တောင်းဆိုထားသည်။

ထို့ပြင် အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးအောင် လုပ်ဆောင်သူများကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာခုံရုံးတွင် နိုင်ငံတကာ ရာဇဝတ်မှုတစ်ခုအနေဖြင့် အရေးယူဆောင်ရွက်ကြရန် အဆိုပါပေးစာတွင် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ