မုံရွာ ၁၈ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇူလိုင်လလယ်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၅၈ ဦး ရှိခဲ့ရာ ၎င်းအထဲမှ ငါးဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တိုင်းဒေသကြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာန)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာလွင်၏ ပြောကြားချက်အရ သိရသည်။
“စစ်ကိုင်းတိုင်းဒေသကြီးရဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွား မှု အနေအထားက၂၀၂၀ ပြည့်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ ဇူလိုင်လလယ်အထိဆိုရင် ၅၅၈ ဦး ရှိပါပြီ။ သေဆုံးမှုကတော့ ငါးဦးအထိ ရှိပါတယ်။ နောက်ရောဂါ ဖြစ်ပွားတဲ့ နေရာတွေကိုသွားပြီး လတ်တလော ပိုးကူးစက်မှုဖြစ်နေတဲ့ သက်ကြီးကောင်ခြင်နှိမ်နင်းရေးဖြစ်တဲ့ ခြင်ဆေးဖျန်းတာတွေ လုပ်တယ်။ ပညာပေးတာတွေ လုပ်ခဲ့တယ်၊ ပြည်သူလူထုအနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုပဲ အားကိုးမနေဘဲ မိမိတို့ကိုယ်တိုင် သန့်ရှင်းရေးတွေ လုပ်တယ်။ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင်လို့ ကာကွယ်နှိမ်နင်းရေးတွေကို ပုံမှန်လုပ်နေရမယ်။ ဖြစ်နိုင်ရင် အပတ်စဉ် သန့်ရှင်းရေး လုပ်ငန်းတွေကို လုပ်ရမယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ သတင်း အချက်အလက်တွေကို ပုံမှန်အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုမယ်။ ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက် မယ်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပြည်သူ လူထုတွေ ကြောက်နေကြတဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု၊ သေဆုံးမှုတွေ ကျဆင်းလာမှာ ဖြစ်ပါတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာလွင်က ပြောသည်။
၂၀၂၀ ပြည့်နှစ်ဇူလိုင်အလယ်အထိစစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၃မြို့နယ်တို့တွင်သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုအနေဖြင့် ၅၅၈ ဦး ဖြစ်ပွားခဲ့ရာ ချောင်းဦး မြို့နယ်တွင် နှစ်ဦး၊ ဘုတလင်မြို့နယ်တွင် တစ်ဦး၊ ရွှေဘိုမြို့နယ်တွင် တစ်ဦး၊ ရေဦးမြို့နယ်တွင် တစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း မြို့နယ် ၃၁ မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ၅၀၅ ဦး ဖြစ်ပွားခဲ့ရာ လေးဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


