ဘားအံ  ၁၈  ဇူလိုင်

ငါးသယံဇာတများထိန်းသိမ်းရေးနှင့်ငါးမျိုးများပွားများစေရန်ရည်ရွယ်၍  ကရင်ပြည်နယ်အစိုးရ အဖွဲ့မှကြီးမှူးပြီး ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ရေဘုတ်ရေလှောင်တမံအတွင်း ငါးမျိုးများ စိုက်ထည့်ပေးခဲ့သည်။

ထိုငါးမျိုးစိုက်ထည့်ရာသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လွတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပြီး ငါးမြစ်ချင်း ကောင်ရေ တစ်သိန်းကို ငါးမျိုးစိုက်ထည့် ပေးခဲ့သည်။

ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်းရှိ ဘုံရေပြင်များ၊ သဘာဝရေပြင်များနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၏ ငါးမွေးကန်များ အပါအဝင် နေရာ ၄၀ ငါးသားပေါက်ကောင်ရေ တစ်ဆယ့်ခုနှစ်သိန်းခွဲ စိုက်ထည့်ပေးသွားရန် လျာထားပြီး ယနေ့ထိ နေရာ ၂၀ ငါးသားပေါက်ကောင်ရေ တစ်ဆယ့်နှစ်သိန်းကျော်ကို စိုက်ထည့်ပေးခဲ့ပြီးဖြစ်သည်။

ငါးမွေးတောင်သူတွေဖြစ်ဖြစ်၊ ရိုးရိုးပြည်သူတွေဘဲဖြစ်ဖြစ် ကျွန်မတို့ရေချိုငါးလုပ်ငန်းဥပဒေအတိုင်း လိုက်နာပြီး တော့ တားမြစ်ထားတဲ့ကိရိယာတွေ၊ တားမြစ်ထားတဲ့ အချိန်တွေမှာ ငါးဖမ်းဆီးခြင်းမပြုဘဲ ဥပဒေကိုလိုက်နာကြမယ် ဆိုရင်တော့ သဘာဝငါးတွေနဲ့အတူ ကျွန်မတို့စိုက်ထည့်ပေးလိုက်တဲ့ မျိုးငါးတွေအပါအဝင် အားလုံးဟာ လွတ်လွတ် လပ်လပ် ရှင်သန်ကြီးထွားပြီးတော့ ငါးရိက္ခာကို ဖူလုံပိုလျှံစေမှာဖြစ်ပါတယ်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးဇော်က ပြောသည်။

ရေဘုတ်ရေလှောင်တမံသည် ငါးများရှင်သန်ပေါက်ဖွားရန် ရေပြင်ကျယ်ရှိပြီး ရေလှောင်တမံမှ လွှတ်လိုက်သည့် ရေများမှ တစ်ဆင့် ငါးများသည် တမံလက်တံမြောင်းများမှတစ်ဆင့် လယ်နှင့် သဘာဝရေပြင်များသို့ ရောက်ရှိသွားမည် ဖြစ်ပြီး ရေနှင့်အတူပါလာသည့်ငါးများကို ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် ဖမ်းယူစားသောက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

5