ကျောက်ပန်းတောင်း ၁၈ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တောင်သူများအတွက် မိုးဦးမိုးကောင်းခဲ့ပြီး။ မိုးလယ် မိုး ရွာသွန်းမှုနည်းခဲ့သဖြင့် သီးနှံအထွက်နှုန်းထိခိုက်မှုများရှိပြီး၊ အထွက်မကောင်းနိုင်သော်လည်း ဇူလိုင် ဒုတိယပတ်ခန့် မှစတင် ၍ အချို့ နှမ်းသီးနှံခင်းများ နှုန်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။
“ မိုးက ခါးပြတ်သွားတယ်ဗျ၊ မိုးဦးတုန်းက ကောင်းခဲ့တော့ အပင်တွေကတော့ သန်ပါရဲ့…အောင်မိုးတစ်မိုး လိုသွား တာနဲ့ပဲ အစေ့အဆန်က အအောင်နည်းသွားတယ်။ နှမ်းက အသီးယှဉ်းတွေကောင်းပေမဲ့ မိုးကလိုက်မလာတော့ အသီး တိုင်းလည်း အဆန်မပါနိုင်တော့ဘူးလေ၊ အရင်က ၅၀/၆၀ လောက် ရမယ်မှန်းထားတာ အခုအတိုင်းဆို ၃၀လောက်မှ ရပါ့ မလား မသိဘူးဗျ…ဒါပေမဲ့ ရတဲ့အစေ့အဆန်လေး ဈေးကောင်းရရင်တော့ တော်သေးတာပေါ့ဗျာ” ဟု ရေထွက်ကျေးရွာမှ တောင်သူ ဦးကျော်သိန်းက ပြောသည်။ ၎င်းမှာ မြေဧက (၂)ဧကခွဲတွင် မြေပဲ တစ်ဝက်နှင့် နှမ်းသီးနှံတစ်ဝက်ကြဲပက်စိုက် ပျိုးခဲ့ခြင်းဖြစ်ပြီး၊ မိုးနှမ်းမျိုးမှာ နှမ်းအနီ(ဂွတစ်ရာ)မျိုးဖြစ်ကြောင်း သိရသည်။
အဆိုပါနှမ်း သီးနှံကို ကဆုန်လဆန်း(၈)ရက်နေ့ က စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ စတင်စိုက်ပျိုးရန်အတွက် စက်ကြောင်းထိုးခ အဖြစ် ၂၅၀၀၀ ကျပ်ပေးခဲ့ရပြီး၊ မျိုး နှမ်းမှာ တစ်တင်းလျှင် ၅ သောင်းကျပ် ဈေးဖြင့် (၇)ပြီ ကြဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပေါင်းနှုတ်ခ ဆေးဖျန်းခများနှင့် ယခု နှုတ် သိမ်းချိန်အထိ အလုပ်သမားငှားရမ်းခများ အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ ငွေကျပ်(၃)သိန်းခန့်ဖြစ်ကြောင်း ၎င်း က တွက်ပြသည်။ လက်ရှိအခြေအနေတွင် နှမ်းဈေးမှာ တစ်တင်းလျှင်(၃၅၀၀၀)ကျပ် သာရှိကြောင်းသိရပြီး၊ ဈေးကောင်း ရရှိနိုင်ရန် မျှော်လင့်နေကြရကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းစိုက်ပျိုးမှုမှာ တစ်မြို့နယ်လုံးအတွက် ဧက ၁၄၅၁၀၀ စိုက်ပျိုးရန်လျာထား ခဲ့ပြီး၊ ဧက ၄၇၉၅၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပြီး မိုးရွာသွန်းမှုအခြေအနေနှင့် ပတ်သက်၍ “ကျွန်မတို့ဆီမှာ မိုးကခေါင်တယ်လို့လည်း ပြောလို့မရဘူး၊ မိုးဦးမိုးကောင်းပြီး နည်းနည်းစောသွားတယ်၊ နောက်ပိုင်းမှ မိုးပြတ်သွားတာ၊ မိုးပြတ်တာဆိုတာ သီးနှံအကြိုက် မရွာတာပေါ့ နည်းနည်းကြာသွားတယ်။ အခု ဇူလိုင်လဆိုရင် အခုထိ ၃ ရက်လောက်ပဲ မိုးကျတယ် ပြော ရယုံလေးရွာတယ် သီးနှံအတွက်ကရေမရဘူး” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
နေအောင်(ပြန်/ဆက်)


