၁၈ ဇူလိုင်
ဩစတြေးလျနိုင်ငံ တက်စ်မေးနီးယားကျွန်းမှာ ငါးဖမ်းလှေပေါ်က ၁၀ နှစ်သားအရွယ်ကလေးငယ်ကို ငါးမန်းကဆွဲသွားရာ ဖခင်ဖြစ်သူက ရေကူးပြီးလိုက်ဆယ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ မနေ့(သောကြာနေ့) က ဖြစ်ခဲ့တာဖြစ်ပြီး ကလေးငယ်ကို ဆေးရုံကို ခေါ်ဆောင်သွားပြီး ဆေးကုသပေးနေကြောင်း သိရပါတယ်။
ကလေးငယ်ရဲ့ လက်မောင်း၊ ဝမ်းဗိုက် နဲ့ ခေါင်းမှာ ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိကြောင်း ပြောပါတယ်။
ကလေးငယ်မှာ အသက်ကယ်အင်္ကျီဝတ်ဆင်ထားပြီး ဖခင်နဲ့ တခြားအမျိုးသားနှစ်ဦးတို့နဲ့အတူ ငါးဖမ်းရာကို အဖော်လိုက်သွားတာဖြစ်ပါတယ်။ ငါးဖမ်းလှေဟာ ကမ်းခြေကနေ သုံးမိုင်အကွာမှာ ကလေးငယ်ကို ငါးမန်းက ဆွဲသွားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဩစတြေးလျနိုင်ငံဟာ ကမ္ဘာမှာ ငါးမန်းတိုက်ခိုက်မှု အများဆုံး ဖြစ်ပွားတဲ့ နေရာဖြစ်ပြီး အခုနှစ် မှာငါးမန်းတိုက်ခိုက်လို့ သေဆုံးသူ ၅ ဦးရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ၁၅ နှစ်အရွယ်ကလေးငယ်တစ်ဦး အရှေ့ဘက်ကမ်းရိုးတန်းမှာ ငါးမန်းတိုက်ခိုက်ခံရတဲ့အတွက် သေဆုံးခဲ့ပါတယ်။
MDN
ကိုးကား - AFP