ချောင်းဦး  ၁၈  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်မှ တောင်သူများစိုက်ပျိုးနေသည့် စိုက်ပျိုးမြေဧက(၂၀၀၀၀)ကျော် အတွက် ချင်းတွင်းမြစ်ရေရရှိနိုင်စေရန် ဇူလိုင် ၁၇ ရက် ညနေ ၄ နာရီအချိန်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးအောင်ဘော်၊ မြို့နယ်ဆည်မြောင်း တာဝန်ခံ ဦးကြည်ခိုင်ထွန်းနှင့် တောင်သူများသည် မြစ်ရေဝင်ရောက်ရာ လမ်းတစ်လျှောက်လိုက်လံ ကြည့်ရှုခဲ့သည်။

 

ယမန်နှစ်က ချင်းတွင်းမြစ်ရေ မဝင်ရောက်လာသည့် အတွက် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် တောင်သူများ ဒုက္ခရောက်ခဲ့ရကြောင်း၊ ယခုနှစ်မြစ်ရေ စတင်ဝင်ရောက်သည်မှာ သုံးရက်ရှိပြီဖြစ်ကြောင်း၊ ရေဝင်ရောက်နိုင်မှု နည်းသည့်အတွက် လိုက်လံကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တာဝန်ရှိသူများသည် ရေဝင်ရောက်နေသည့် တောင်ပုံ(၁၀)ပေါက်တွဲ ရေတံခါး၊ ပေါက်ပင်()ပေါက်တွဲ ရေတံခါးနှင့် ရေစတင်ဝင်ရောက်နေသည့် နေရာထိကြည့်ရှု ခဲ့ပြီး လမ်းတစ်လျှောက် ရေဝင်ရောက်ရာ အနှောင့်အယှက်ဖြစ်စေမည့် အမှိုက်များ၊ မြောင်းကောများ ပြုပြင်နိုင်ရန်၊ ရေစီးရေလာ ကောင်းမွန်အောင်၊ ရေပိုဝင်ရောက်လာနိုင်မည့် လမ်းကြောင်းရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းမြင့်အောင်(ပြန်ဆက်)