ကျွန်းစု   ၁၈   ဇူလိုင်  

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မစမ်းပါးကျေးရွာနှင့် ကတ္တလူကျေးရွာတို့တွင် အောင်မြင် ဖြစ်ထွန်းလျက်ရှိသော ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းတို့တွင် ပုစွန်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် တာဝန်ရှိသူများက ဇူလိုင် ၁၆ ရက်နေ့ က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာ မစမ်းပါးကျေးရွာရှိ ခိုင်ဇင်ယော်ကုမ္ပဏီ၏ ခေတ်မီရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့အား ခိုင်ဇင်ယော်ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးစန်းမောင်နှင့် တာဝန်ရှိသူများက ပုစွန်ကန်အတွင်း ပုစွန်မွေးမြူထုတ်လုပ်နေမှုများအား လိုက်လံပြသခဲ့ကြသည်။ ပုစွန်မွေးမြူရေးကန်တွင် ပုစွန်သားပေါက် စတင်မွေးမြူသည့်ရက်မှ ရက်ပေါင်း(၈၀)မှ(၁၁၀)အတွင်း မွေးမြူထုတ်လုပ်လျက်ရှိသည်။

 

“လက်ရှိတူးဖော်ထားတဲ့ ကန်အားလုံးကို ကပ်ရောဂါအခြေအနေကြောင့် သားပေါက်တွေ အကုန်ထည့်ပြီး မွေးမြူလို့မရသေးတဲ့ အနေအထားမျိုးဖြစ်နေတယ်။ မွေးမြူ‌ရေးဖြစ်တဲ့အတွက် မွေးမြူပြီးရင် သူ့အချိန်ကျရင် ထုတ်ယူရမယ်ဆိုတဲ့အတွက်  ဈေးကွက်အနေအထားက မသေချာသေးတဲ့အတွက် အပြည့်အဝ မလုပ်ဆောင်နိုင်သေးတဲ့ အနေအထားဖြစ်နေပါတယ်။ ကပ်ရောဂါအခြေအနေ အေးအေးဆေးဆေးဖြစ်ပြီး ဈေးကွက်လည်းပုံမှန် လည်ပတ်နိုင်ပြီဆိုရင် တူးဖော်ပြီးသား(၃၄)ကန်လုံးကို သားပေါက်တွေ မွေးမြူထုတ်လုပ်နိုင်မယ်ဆိုရင် တစ်နှစ်ကို  အနည်းဆုံး ပုစွန်တန်ချိန်(၁၀၀၀)ခန့် ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ခိုင်ဇင်ယော်ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးစန်းမောင် က ပြောသည်။

 

ခိုင်ဇင်ယော်ကုမ္ပဏီ၏ ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းတွင် ပုစွန်ကန်စုစုပေါင်း(၃၄)ကန် တူးဖော် ဆောင်ရွက်ထားရှိပြီး မွေးမြူလျက်ရှိသည့် ပုစွန်သားပေါက်သည် ထိုင်းနိုင်ငံ CP ကုမ္ပဏီ၏ ပုစွန်သားပေါက်များဖြင့် လုပ်သားဦးရေ(၁၀၀)ကျော်ဖြင့် မွေးမြူထုတ်လုပ်လျက်ရှိပြီး လက်ရှိအချိန်တွင် ပြည်တွင်းဈေးကွက်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ဆက်လက်ပြီး ကတ္တလူကျေးရွာရှိ ပြည်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီ၏  ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြရာ ကုမ္ပဏီတာဝန်ရှိသူများက ပုစွန်မွေးမြူ ထုတ်လုပ်နေမှုများအား လိုက်လံပြသခဲ့ကြပြီး ကုမ္ပဏီရှင်းလင်းဆောင်တွင် ကုမ္ပဏီ၏ ပုစွန်မွေးမြူ ထုတ်လုပ်နေမှု အခြေအနေများအား တာဝန်ရှိသူမှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)