မင်းဘူး ၁၈  ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ဧရာဝတီတံတား(မကွေး)၊ မင်းဘူးဘက်ခြမ်းရှိ တံတားရဲကင်းတွင် ဇူလိုင် ၁၇ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်က တာဝန်ထမ်းဆောင်နေသော ရဲတပ်သားသုံးဦး ကားတိုက်ခံရ၍ တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်က ဧရာဝတီတံတား(မကွေး)၊ မင်းဘူးဘက်ခြမ်း တံတားရဲကင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ဝေယံမြင့်၊ ရဲတပ်သား အောင်ကိုကိုကျော်၊ ရဲတပ်သား ကျော်ဇင်ထွေးတို့အား မကွေးဘက်မှ မင်းဘူးဘက်သို့ ယာဉ်မောင်း စိုးလင်းအောင် မောင်းနှင်လာသော Light Truck (အပြာရောင်) ယာဉ် သည် အရှိန်မထိမ်းနိုင်ဘဲ  လမ်းဘေးပလက်ဖောင်း ကျော်တက်၍ ရဲတပ်သားသုံးဦးကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် အဆိုပါတပ်သားသုံးဦးအား မကွေးပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူရန်ပို့ဆောင်စဉ် ရဲတပ်သား ဝေယံမြင့်မှာ ဦးခေါင်းနောက်စေ့ချိုင့်ဝင်ဒဏ်ရာ၊ နှာခေါင်း သွေးထွက်ဒဏ်ရာဖြင့်  လူနာတင်ယာဉ်ပေါ်တွင် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိ၍ ပြင်ပလူနာဌာနတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း ဒုရဲအုပ် ကျော်ငြိမ်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်၍ လူ့အသက်ကို သေစေ သည့်အပြင် ဒဏ်ရာများရရှိအောင်ပြုလုပ်သူ ယာဉ်မောင်း စိုးလင်းအောင်အား မင်းဘူးမြို့မ ရဲစခန်းတွင် ဉပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။           

မောင်မောင် (မင်းဘူး)