ရန်ကုန် ၁၈ ဇူလိုင်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနထံသို့ လှူဒါန်းမှုများအား လက်ခံသည်။
ရှေးဦးစွာ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာကောက်ယူသည့်ယာဉ် (mobile swab van) များ၏ အလှူရှင်များက လှူဒါန်းရသည့် အကြောင်းရင်းများကို ရှင်းလင်းပြောကြားထားသည့် ရုပ်သံ ဗီဒီယိုကို ပြသသည်။
ထို့နောက် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးဇော်မိုးခိုင်က လှူဒါန်းမှုအကြောင်းအရင်းများကို ရှင်းလင်း ပြော ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် ပြည်ထောင်စု ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်တို့က လှူဒါန်းမှုများအား လက်ခံပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ်ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် ယခုအချိန်၌ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကို အတိုင်းအတာတစ်ခုအထိ ရောဂါထိန်းချုပ်ထားနိုင်သော်လည်း မိမိတို့အနေဖြင့် ပေါ့ဆ၍မရဘဲ လုပ်ဆောင်ရန်ရှိသည်များအား အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့သော လှူဒါန်းမှုများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများအတွက် များစွာ အထောက်အကူပြုပြီး ရေရှည်ကာလအတွက်လည်း အကျိုးရှိမည်ဖြစ်သဖြင့် စေတနာအလှူရှင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ် တားဆီးနိုင်ရန် အတွက် ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း၊ အလှူရှင်များအနေဖြင့် မိမိတို့၏ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေများအား COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်း များအတိုင်း နေထိုင်ကြပါရန် တိုက်တွန်းပြောကြားကြစေလိုပါ ကြောင်း ပြောကြားသည်။
ယနေ့ အခမ်းအနားတွင် လှူဒါန်းမှုများအနေဖြင့် ဆရာတော်ဘဒ္ဒန္တဥတ္တမ မဟာထေရ် (ဗောဓိကုန်း ကျောင်းတိုက်၊ သံလွင်လမ်း) က Mobile Swab Van (၁)စီး၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း၊ ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်နှင့် ဒေါက်တာစောနေနွယ် (Pacific AA Foundation, AA medical Products Ltd, Success & Success Int’L Ltd) က အမေရိကန်ဒေါ်လာ (၄၀၂,၀၀၀) တန်ဖိုးရှိ SARs-COV-2 Reagent ဆက်စပ်ပစ္စည်း (၁၁)မျိုးနှင့် အမေရိကန်ဒေါ်လာ (၁၂၅,၂၀၈ ဒသမ ၆၄) တန်ဖိုးရှိ Anti SARs-COV-2 test၊ လွယ်ဟိန်း ကုမ္ပဏီလီမိတက်က (Alpine and Life သောက်ရေသန့်) ငွေကျပ် (၂၆၇,၀၀၀,၀၀၀)တန်ဖိုးရှိ Alpine and Life သောက်ရေသန့်ဘူး (၁ ဒသမ ၅) သန်း၊ Sea Rangers (Myanmar Seafarer Donation Group) က ကျပ် (၂၃၅) သိန်း တန်ဖိုးရှိ Ventilator with humidifier (VG 70) (၁)လုံး၊ သုဇာတာဖောင်ဒေးရှင်းက Mobile Swab Van (၁)စီး၊ ဦးသမာဓိ International Services Co.,Ltd က Sojen အမှတ်တံဆိပ် Logistic Truck (၁) စီး၊ ဆေးတက္ကသိုလ် (၁)၊ (၁၉၈၆) ခုနှစ် ကျောင်းဆင်းဆရာဝန်များက ကျပ် (၁၁,၃၄၀,၀၀၀) တန်ဖိုးရှိ AED machine၊ တစ်ကိုယ်ရေ သုံးကာကွယ်ရေးပစ္စည်းများနှင့် ငွေကျပ် (၅,၄၇၃,၀၀၀)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (YUE)၊ EMBA (14th) Batch ကျောင်းသား/ကျောင်းသူများက အမေရိကန်ဒေါ်လာ (၇,၂၀၀) တန်ဖိုးရှိ SARs-COV-2 Reagent များ၊ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်အထူးကုဆေးခန်းက Mobile Swab Van (၁) စီးဝယ်ယူရန် မတည်ငွေကျပ် သိန်း(၁၀၀)၊ ဦးမြင့်ဌေးနှင့် ဒေါ်ယဉ်သီတာအေးက ကျပ်သိန်း(၁၀၀)၊ Progress Biochem Co.,Ltd က ကျပ်သိန်း (၁၀၀)တန်ဖိုးရှိ Ethanol (75%) ပုံး(၂၂၀)၊ ဦးကျော်နန္ဒ (Managing Director, Techmation MYANMAR Co.,Ltd) က ငွေကျပ် (၁,၇၅၀,၀၀၀) တန်ဖိုးရှိ Automatic Temperature Scanner (၅)လုံးနှင့် ဦးတင့်လှိုင်နှင့် ဒေါက်တာလှမြသွေးဣန္ဒာ မိသားစုက Mobile Swab Van ဝယ်ယူရန် မတည် ငွေကျပ် (၁၀)သိန်းတို့အား အသီးသီးလှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)


