မြန်မာတို့၏ အိမ်ထောင်စုတိုင်းတွင် မရှိမဖြစ်အသုံးပြုလျက်ရှိသော ဗန်း၊ ဆန်ကော၊ ဆန်ခါ အမျိုးမျိုးကို ရက်လုပ်၍ နိုင်ငံတစ်ဝန်း တင်ပို့ရောင်းချလျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ညောင်မြစ်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ပုံမှန်ဝင်ငွေရရှိကာ စားဝတ်နေရေးကို များစွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

 

ညောင်မြစ်ကျေးရွာသည် ရှေးဟောင်းသမိုင်းဝင် ကျေးရွာကြီးတစ်ရွာ ဖြစ်သည်နှင့်အညီ ရှေးယခင် ဘိုးဘွားလက်ထက်ကပင် ဗန်း၊ ဆန်ကော၊ ဆန်ခါ ရက်လုပ်ခြင်းကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိဘများလက်ထက်ကတည်းက လက်မှုလုပ်ငန်း လုပ်ကိုင်လာသည်မှာပင် နှစ်ပေါင်း ၅၀ ကျော်ရှိနေပြီဖြစ်ကြောင်း၊ ရွာမှာရှိသည့် ကလေး၊ လူကြီးအားလုံး ဗန်းနှင့် ဆန်ခါကို ရက်လုပ်နိုင်သည့်အတွက် မိသားစု ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း၊ ပစ္စည်းများပြုလုပ်ရန် ဝါးကို မြင်းမူမြို့တွင် ဝယ်ယူရပြီး ကြိမ်နီကို စစ်ကိုင်းမြို့တွင် ဝယ်ယူရကြောင်း၊ ဝါးဖြတ်ခြင်း၊ စိပ်ခြင်း၊ နှီးဖြာခြင်း၊ ပုံဖော်ခြင်း၊ ကြိမ်နှုတ်ခမ်းသပ်ခြင်း စသဖြင့် အဆင့်ဆင့် ပြုလုပ်ရကြောင်း၊ ရက်လုပ်သောပစ္စည်းများမှာ ဗန်းအမျိုးအစား ငါးမျိုး၊ ဆန်ခါ အမျိုးအစား ငါးမျိုး၊ အုပ်ဆောင်းအမျိုးမျိုး၊ ခံတောင်းအမျိုးမျိုး၊ ရေအိုးဖုံး၊ ရဟန်း သုံး ဗြစ်တောင်းများ၊ ဆန်၊ ဆေးခြင်းတောင်းနှင့် ယပ်တောင်အပါအဝင် ပစ္စည်း အမျိုးပေါင်း ၂၁ မျိုးကို ရက်လုပ်ဖြန့်ချိပေးလျက်ရှိကြောင်း ယင်းကျေးရွာမှ ဗန်း၊ ဆန်ကော၊ ဆန်ခါများ ရက်လုပ်ဖြန့်ချိသူ မသင်းခိုင်က ပြောသည်။

 

ပစ္စည်းများ ရက်လုပ်ရာတွင် ကိုယ်ပိုင်ပြုလုပ်ခြင်းနှင့် လက်ခစားပြုလုပ် ခြင်းများရှိကြောင်း၊ ပုံမှန်ရက်လုပ်ခြင်းအပြင် ယခုအခါ မန္တလေးမြို့ ကြက်သွန်ပွဲရုံ များမှ အထူးအော်ဒါအဖြစ် ကြက်သွန် အကြီး၊ အသေး ဆန်ခါများ မှာယူလျက်ရှိကြောင်း၊ သို့ရာတွင် ယခု ကိုဗစ်- ၁၉ ရောဂါကြောင့် ဘုရားပွဲ၊ ကျောင်းပွဲ များ ပိတ်ထားသည့်အတွက် အရောင်းအဝယ်မှာ နည်းပါးလျက်ရှိကြောင်း သိရသည်။

 

အောင်စိုးဖေ (မြင်းမူ)