မင်းဘူး  ၁၉ ဇူလိုင် 

     

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ် (၄) မကျီးချောင်း အနောက်ကုန်းရပ်ကွက်တွင် ရှင်မတောင် သနပ်ခါးမျိုး စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

     

သနပ်ခါးကို အပင်ပေါက်ကလေး (သို့) ပျိုးပင် တစ်လခွဲသား အရွယ်မှစတင်ကာ စိုက်ပျိုးရသည်။ အ ရွယ်ရောက်မှစိုက်လျှင် အပင်ကြီးထွားနှုန်းနေးပြီး ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းတော့ပေ။ တစ်ပင် နှင့် တစ်ပင် ငါးပေ လေးပေ အကျယ်ထားပြီး အတန်းလိုက် စိုက်ပျိုးကြသည်။ တစ်လခွဲသားအရွယ်မှ စ တင်စိုက်ပျိုးကာ (၇) နှစ်သား အရွယ်သို့ရောက်လျှင် ခုတ်လှဲရောင်းချလို့ရကြောင်း သိရသည်။

     

" ဦးလေးကတော့ သနပ်ခါးကို နှစ်ရှည်ပင်ဖြစ်ပေမဲ့ အပူပိုင်း ရာသီဥတုနဲ့လည်း ကိုက်ညီတယ် မြန်မာ မိန်းခလေးများ အလှပရေးရာအတွက်သာ အသုံးပြုသည့် ပစ္စည်းမဟုတ်ဘဲ ကလေးလူကြီး မိဘ ဘိုးဘွား လိမ်းကြံ ခြယ်သပြီး ဆေးဝါးများအဖြစ်နဲ့ပါ အသုံးပြုလို့ရသည့်အပြင် မြန်မာလူမျိုးများသာမက ကမ္ဘာအရပ်ရပ်မှ ခရီးသွားပြည်သူများကို မြန်မာနိုင်ငံ အလယ်ပိုင်းရဲ့ ထွက်ကုန်တစ်ခုအနေနဲ့ လက်ဆောင် ပစ္စည်းအဖြစ် ရောင်းချလို့ရနေတာကြောင့် စိုက်ပျိုးဖြစ်တာပါ '' ဟု မကျီးချောင်းရပ်ကွက်နေ ရှင်မတောင် သနပ်ခါး စိုက်ပျိုးသူ ဦးထွန်းကြည်က ပြောသည်။ သနပ်ခါးကို အလယ်ပိုင်းဒေသရဲ့ မြို့အတော်များများမှာ စိုက်ပျိုးကြပြီး ရွှေဘို၊ ပခုက္ကူ၊ မြင်းခြံ၊ အရာတော်နှင့် ကျောက်ပန်းတောင်း စသည့်မြို့များတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

 

ဇေယျာထက်(မင်းဘူး)