နတ်မောက် ၁၉ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး ပြည်သူ့စာ ကြည့်တိုက်တွင်(၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာပေ ဆွေးနွေးပွဲကျင်းပခြင်းကို ယမန်နေ့ညနေ ၃ နာရီက ကျင်းပခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် အာဇာနည်နေ့အမှတ်တရ အစီအစဉ်အနေဖြင့်( Book Club ) ၏ စာပေချစ်မြတ်နိုးသူများ အသင်းမှ စာရေးဆရာဦးမျိုး(မကွေး)က “အပြောတစ်ခုနဲ့ အာဇာနည်မဖြစ်နိုင်ပါ၊ အလုပ်ပါမှ အာဇာနည်ဖြစ်နိုင်ပါတယ်၊ အာဇာနည်တစ်ယောက် ဖြစ်လာဖို့ဆိုရင် အပြောတွေချည်း ပြောနေဖို့မလိုပဲတကယ် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုင်းပြည်အပေါ် စေတနာထား အလုပ်လုပ်ကိုင်မှသာလျှင် အာဇာနည်တစ်ယောက် ဖြစ်လာမှာပါ။ ချီးမွမ်းခံရဖို့ထက် ဟုတ်မှန်သည့် အလုပ်ကို ကဲ့ရဲ့ခံရပါစေ လုပ်ကိုင်ပါ။ တိုင်းပြည်ကို စေတနာထားအလုပ်လုပ်မယ်ဆိုရင် ချီးမွမ်းခြင်း တွေလည်း လာမယ်၊ ကဲ့ရဲ့ ခြင်းတွေလည်းခံရမယ်။ သို့သော်မှန်ကန်တဲ့ အလုပ်တစ်ခုကို လုပ်ပြီဆိုရင် ဘယ်လောက်ပဲကဲ့ရဲ့ ခံရပါစေ ကိုယ့်အလုပ်ကိုအားနဲ့မာန်နဲ့ တိုင်းပြည်အပေါ်စေတနာထားလုပ်ကိုင်ဆောင်ရွက်ခြင်းဟာ အာဇာနည်ရဲ့ဂုဏ်ရည် တစ်ခုဖြစ်ပါကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး၊ စာရေးဆရာနေဝန်းနီက “ ဗိုလ်ချုပ်ကိုတကယ်ချစ်တယ် ဆိုရင် ဗိုလ်ချုပ် ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို လိုက်နာပါ” ဆိုသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး၊ ဆက်လက်၍ ကဗျာ ဆရာမ(တင်ရီမ-နတ်မောက်) “ကိုယ့်သားကိုယ်သမီး၊ ကိုယ့်တပည့်လေးတွေကို ခက်ခဲတဲ့ အာဇာနည်လမ်းကို လျှောက်လှမ်းနိုင်အောင် စိတ်ဓါတ်တွေသွင်း ပေးထားရပါမယ်၊ အာဇာနည် စိတ်ဓါတ်ဆိုတာ အမှန်တရားဘက်က မေတ္တာဓါတ်တွေနဲ့ရပ်တည်ခြင်းဟာ အာဇာနည်စိတ်ဓါတ် ဖြစ်ပါကြောင်း”စသည်တို့ဖြင့် အာဇာနည်နေ့အမှတ်တရ စာပေဆွေးနွေးဖလှယ်ပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို နတ်မောက်မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက် Facebook Page တွင် Online မှတစ်ဆင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းဝေ(နတ်မောက်)


