လွိုင်ကော် ၁၉ ဇူလိုင်
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ချီတက်အလေးပြုခြင်းနှင့် လွမ်းသူပန်းခွေချခြင်းကို ဇူလိုင်လ (၁၉)ရက်နေ့၊ နံနက်(၈)နာရီအချိန်က လွိုင်ကော်မြို့၊ အာဇာနည်ကျောက်တိုင်ကွင်း (သီရိမင်္ဂလာတောင်ကွဲစေတီတော်ရှေ့) ၌ ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်လွိုင်ကော် ဒေသကွပ်ကဲရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်အလံ အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း နှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့ဂါ၀ရပြု၍ ၂ မိနစ်ငြိမ်သက်ခြင်းကိုလည်း ပြုလုပ်ဆောင်ရွက်ကြပြီး တက်ရောက်လာကြသူများမှ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့တို့က လွိုင်ကော်မြို့ ကန္ဒာဟေ၀န်ပန်းခြံသို့ သွားရောက်၍ ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်အား အောက်မေ့ဂါရဝအလေးပြုခြင်းနှင့် လွမ်းသူပန်းခွေချခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ယနေ့တွင် ပြန်ကြားရေး၀န်ကြီးဌာနမှထုတ်ဝေသည့် အာဇာနည်နေ့အမှတ်တရ စာအုပ်များကို ကယားပြည်နယ် အစိုးရအဖွဲ့၊ ကယားပြည်နယ်လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် ဥသြဆွဲချိန်တွင် လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်နှင်ကြသူတို့က ၂ မိနစ်ငြိမ်သက်ခြင်းကိုလည်းပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
အောင်ထွန်းလေး (ပြန်/ဆက်)


