ရန်ကုန် ၁၉ ဇူလိုင်
၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၃) နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အမှတ်တရ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုရှေ့၌ ပြည်သူများ လာရောက်ဂါရဝပြုလျက်ရှိကြောင်း မြင်တွေ့ရသည်။
ဗိုလ်ချုပ်ကြေးရုပ်တုရှေ့၌ လာရောက်ဂါရဝပြုကြသော ဒေသခံပြည်သူများသည် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် ၂ မိနစ်ခန့် ငြိမ်သက် ဂါရဝပြုခဲ့ကြသည်။ ထိုသို့ ဂါရဝပြုရန် လာရောက်ကြသော ပြည်သူများအား လတ်တလောဖြစ်ပွား နေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်ဌာနမှ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)


