ထားဝယ်  ၁၉ ဇူလိုင် 

 

၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားအဖြစ် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား ရည်စူး၍အရုဏ် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၅ နာရီ ခွဲ က ကျင်းပ ပြုလုပ်သည်။

 

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်  ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ  ဦးခင်မောင်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များ  အားအရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများအားရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

 

ဆက်လက်၍ အာဇာနည်နေ့အခမ်းအနားကို ထားဝယ်မြို့၊ မြို့တော်ခန်းမနံနက် ၉ နာရီ က ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင် က မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံအတွက် အသက်ပေးပြီး လွတ်လပ်ရေးရအောင် ဆောင်ရွက်ပေးခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော ၁၉၄၇ ခုနှစ် ၊ဇူလိုင် ၁၉ ရက်နေ့ကိုအာဇာနည်နေ့ဟု သတ်မှတ်ခဲ့ကြပြီး ယနေ့ဆိုလျင် (၇၃)နှစ်မြောက် ရောက်ခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူး၍ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း၍ အမျှပေးဝေခြင်း၊ အာဇာနည်အထိမ်းအမှတ် ရင်ပြင်တွင် စုပေါင်း ချီတက်အလေးပြုလွမ်းသူ ပန်းခွေချခြင်း တို့ကိုဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်သွေးဖြင့်စစ်မှန်သော လွတ်လပ်ရေးကို ရရှိခဲ့သော်လည်း အာဇာနည် ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်း အကောင်အထည်ဖော်ရင်း လှေလှော်ရင်း  တက်ကျိုးခဲ့ရသည့်သမိုင်း သင်ခန်းစာများကိုလည်းဆင်ခြင် မှတ်သားရမှာဖြစ်ကြောင်း ၊ အာဇာနည်မျိုး သေရိုးမရှိသည့်စကားလို အာဇာနည် ခေါင်းဆောင်ကြီးများအား အစဉ် ဦးညွတ်အလေးပြုပြီး အာဇာနည် ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံ့အကျိုးမျှော်ကိုးပြီး အာဇာနည်စိတ်ဓာတ်များနှင့်အတူ နိုင်ငံတော်သစ်ကို တည်ဆောက်သွားရန်လိုကြောင်း ပြောကြားသည်။

 

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင်  ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် တာဝန်ရှိသူများ က ၂၀၂၀ ပြည့်နှစ် ၊ (၇၃)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့်မြင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ တွင် ဆုရရှိိသူများအားဆုချီးမြှင့်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ရုံးအနီးရှိ အာဇာနည်ရင်ပြင်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ တိုင်းဒေသကြီ လွှတ်တော် ၊ တိုင်းဒေသကြီး တရားလွှတ်တော် ၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး နှင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ ၊ အဆင့်မြှင့် နှင့်အခြေခံပညာကျောင်းများ ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူအပေါင်းက အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူပန်းခွေချခြင်းနှင့် အလေးပြုခြင်း  အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။

 

၄င်းနောက် တက်ရောက်လာကြသူများက အစီအစဉ်အလိုက် လွမ်းသူပန်းခွေချ အလေးပြုကြပြီး အာဇာနည်များကျဆုံးခဲ့သည့် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် ၀မ်းနည်းကြောင်း (၂)မိနစ်ငြိမ်သက်ကြပြီး ဥသြဆွဲ ဂုဏ်ပြုခဲ့ကြောင်း သတင်းရရှိသည်။

 

 ( တိုင်းဒေသကြီးပြန်/ဆက်)