မကွေး  ၁၉  ဇူလိုင်

 

ကိုဗစ်အလွန် New Normal ကာလ၌ ဟိုတယ်မိုတယ်ဆိုင်ရာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် အတွက် နိုင်ငံတော်အစီအစဉ်ဖြင့် ကုစားမှုများ စီစဉ်ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန် ထံမှ သိရသည်။ 

 

“ နိုင်ငံတော်အနေနဲ့ ကိုဗစ် ၁၉ ကြောင့် ထိခိုက်မှုရှိတဲ့ လုပ်ငန်းတွေကို ပြန်လည်ကုစားဖို့ ၊ ပြန်လည်နိုးဖို့ ဆိုပြီးတော့ မူဝါဒအရ ဟိုတယ်မိုတယ်တွေအတွက် ချေးငွေလျှောက်ထားခွင့် ရခဲ့ပါတယ်။ ဟိုတယ်မိုတယ်အလုံး ၅၀ကျော်ရှိတဲ့ အနက်က ၁၇ လုံး ချေးငွေလျှောက်ထားခဲ့ပါတယ်။ လတ်တလောမှာ ၁၁လုံး ချေးငွေရရှိထားပါတယ် ” ဟု တိုင်းတာဝန်ခံ ဦး မြင့်စိန် က ပြောသည်။

 

ဟိုတယ်များ၏ အခန်းအရေအတွက် ၊ ရင်းနှီးမြှပ်နှံမှု ၊ ပြီးခဲ့သည့် ၂နှစ်စာအခွန်ဆောင်ထားမှုအခြေအနေ ၊ ကိုဗစ်ကာလအတွင်း လည်ပတ်မည့် စီမံချက်များအပေါ် ဟိုတယ်ခရီးညွှန်ကြားမှုဦးစီဌာနက စီစစ်တင်ပြကာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်က အဖွဲ့နှင့်ဆုံးဖြတ်၍ ကျပ်သိန်း ၆၀၀ ၊ ၄၀၀ ၊ ၃၅၀ စသဖြင့် သတ်မှတ်ထုတ်ချေး ပေးနေခြင်းဖြစ်သည်။

 

“ခရီးသွားလုပ်ငန်းကြောင့် နစ်နာခဲ့ရတဲ့ ဝန်ထမ်းတွေကို ဟိုတယ်ခရီးရဲ့ဘတ်ဂျက်နဲ့ မွမ်းမံသင်တန်းတွေပေးပြီး တစ်ရက်ကို ၄၈၀၀ ကျပ်နှုန်းထောက်ပံ့ဖို့ အစီအစဉ်ရေးဆွဲပြီး ဖြစ်ပါတယ်။ ဇူလိုင်လကုန် သြဂုတ်လအတွင်းမှာ လုပ်ပေးနိုင်မှာပါ။

 

လုပ်ငန်းနဲ့ဆက်စပ်နေတဲ့ ဆိုက်ကား ၊ မြင်းလှည်း ၊ စက်လှေမောင်း ၊ ခေါင်းရွက်ဗျပ်ထိုး ၊ ဘုရားဇောင်းတန်း ဈေးသည်များကိုလည်း လုပ်ငန်းအခြေခံများ သိရှိဖို့နဲ့ ထောက်ပံ့တဲ့သဘောလည်းဖြစ်အောင် နေ့တွက်ပေးသင်တန်းတွေ ဖွင့်ပေးဖို့ရှိပါတယ် ” ဟု တိုင်းတာဝန်ခံ ဦးမြင့်စိန်က ရှင်းပြသည်။

 

ကိုဗစ်ကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှာ မတ်လ အတွင်း၌ ၄၀ရာခိုင်နှုန်း ၊ ဧပြီလအတွင်း၌ ၇၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ မေ နှင့် ဇွန်လ များတွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သမျှ အားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ရကြောင်း ၊ ဇွန်လ ၃၀ ရက်နေ့တွင် ဟိုတယ်မိုတယ်အချို့ကို ပြန်လည်ဖွင့်ခွင့်ပေးခဲ့ပြီး ကုစားမှုအစီအစဉ်များ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။

 

                                                                                                                                      ဇေယျတု(မကွေး)