မန္တလေး ၁၉ ဇူလိုင်
၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆရာတော်ကြီးများအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၅ နာရီခွဲက ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမ-၁ တွင် Covid-19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ပတ္တမြားကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာတော်ကြီး(၉)ပါး ကြွရောက် ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၀င်များ၊ လွှတ်တော်အဆင့်ဆင့်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်၀န်၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် ကော်မတီ၀င်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီ၀င်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပတ္တမြားကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်တော်မူကြသည်။
ဆက်လက်၍ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စုာယ် ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ ဆရာတော်ကြီးများထံသို့ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က သင်္ကန်းအစရှိသော လှူဖွယ်၀တ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော်အရှင်သူမြတ် ဟောကြားချီးမြှင့်တော်မူသော ရေစက်ချအနုမောဒနာတရားတော်ကို ၀န်ကြီးချုပ်နှင့် တက်ရောက်လာကြသော ဧည့်ပရိတ်သတ် အပေါင်းတို့က နာယူကြည်ညိုကြပြီး ရေစက်သွန်းချ အမျှပေးဝေကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား အာရုံဆွမ်းဆက်ကပ်ခဲ့ကြသည်။
အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတို့တွင်လည်း ၂၀၂၀ ပြည့််နှစ် (၇၃)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ကောင်းမှုကုသိုလ်များကို ပြုလုပ်ကြကြောင်းလည်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


