နေပြည်တော် ၁၉ ဇူလိုင်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင် မကွေး -ရေနံချောင်း - ချောက် လမ်းပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် လမ်းချဲ့နေမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အနော်ရထာတံတားသို့ ရောက်ရှိပြီး တံတားဉီးစီးဌာန၊ တံတားအထူးအဖွဲ့ (၅) မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဉီးအောင်ညိုက တံတားကြီး ကြံ့ခိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တံတားအပေါ်ထည် စစ်ဆေးသကဲ့သို့ အောက်ပိုင်းနှင့် တံတားတိုင်များကိုပါ သေသေချာချာစစ်ဆေးရန် မှာကြားပြီး ကြံ့ခိုင်မှုဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်း မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းအခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တံတားဉီးစီးဌာန၊ တံတားအထူးအဖွဲ့(၅)မှ တည်ဆောက်နေသော နွယ်တမယ်တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ဒုတိယညွှန်ကြားရေး(မြို့ပြ) ဉီးအောင်ညိုက နွယ်တမယ်တံတား တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဘဏ္ဍာရေးနှစ်အလိုက် တာဝန်ယူဆောင်ရွက်သည့် တံတားများနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ အပ်နှံထားသည့် တံတားများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးခင်မောင်ဆွေက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

1

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သက်မှတ်အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေး အထူးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ တံတားကြီးပြီးသည့်နှင့် တစ်ပြိုင်နက် ချဉ်းကပ်လမ်းများ ပြီးစီးရန်လိုပါကြောင်း၊ တည်ဆောက်ပြီး တံတားများကိုလည်း အမြဲမပြတ် စစ်ဆေးပေးရန် မှာကြားပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။

ယခုတည်ဆောက်နေသည့် နွယ်တမယ်တံတားသည် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူ လမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည်ပေ (၁၄၂၀)၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်း တစ်ဖက်လျှင် (၃)ပေစီပါရှိပြီး တံတားအမျိုးအစားမှာ အပေါ်ထည် PC Girder ၊.RC Girder သံကူကွန်ကရစ် ကြမ်းခင်းနှင့် သံလက်ရန်းတို့ဖြစ်ကာ၊ ကိုယ်ထည်-သံကူးကွန်ကရစ် အောက်ခံအုတ်မြစ် 1.5 øm  Bored Pile တို့ဖြင့် တည်ဆောက်ထားပြီး တံတား၏ ခွင့်ပြုအလေးချိန်မှာ တန် (၆၀) ဖြစ်သည်။ ယခုအခါ တံတားတစ်စင်းလုံးပြီးစီးမှုမှာ (၉၅ ရာခိုင်နှုန်း) ပြီးစီးနေပြီဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုန်းချောင်းတံတား ကြံ့ခိုင်မှုအခြေအနေနှင့် ဧရာဝတီတံတား(မကွေး) ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တံတားကြီးများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တံတားအပေါ်ထည်ပိုင်း၊ တံတားအောက်ပိုင်းနှင့် ရေလမ်းကြောင်း အခြေအနေတို့ကို အမြဲမပြတ် စစ်ဆေးရန် မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နတ်မောက်မြို့၊ ဒီပင်္ကရာကျောင်းတိုက်၌ (၇၃)နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဝန်ထမ်းမိသားစုတို့က နတ်မောက်မြို့၊ ဒီပင်္ကရာ ကျောင်းတိုက် ဆရာတော်အမှူးပြုသော ဆရာတော် ဘဒ္ဒန္တနိမ္မလထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နတ်မောက်-ရွာမွန်-ပျော်ဘွယ်လမ်း၊ မိုင်တိုင်အမှတ် (၅၆/၂ နှင့် ၅၆/၃) ကြားရေကျော် ရေစီးလမ်းကြောင်းနှင့် လောလောဆယ် ပြုပြင်ထိန်းသိမ်းထားရှိရန် အခြေအနေကိုလည်းကောင်း၊ အကွေ့အကောက်ရှည်လျားပြီး ယာဉ်အန္တရာယ်ရှိနိုင်သည့် လေးအိမ်ကျေးရွာအနီး မိုင်တိုင်အမှတ် (၅၅/၄ နှင့် ၅၅/၅) ကြားရှိ မီးရထားလမ်းခုံး ကျော်တံတား တည်ဆောက်ရန် လျာထားနေရာ အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်