နေပြည်တော် ၁၉ ဇူလိုင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ စီမံကိန်းတာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေးရထား လမ်းပိုင်းအဆင့်မြှင့်တင်ရေး စီမံကိန်း၊ အဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအား ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း၏ တောင်ငူ-ညောင်လေးပင်လမ်းပိုင်း (CP-103) စီမံကိန်း(အုတ်တွင်း) ရှင်းလင်းဆောင်တွင် စီမံကိန်းအင်ဂျင်နီယာများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်ရန် ကျန်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ လုပ်ငန်းအန္တရာယ် ကင်းရှင်းရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကာလနှင့် ရင်ဆိုင်ကြုံတွေ့နေရသော်လည်း မြန်မာ့မီးရထားမှ အရာထမ်းအမှုထမ်းများနှင့် လုပ်ငန်းကန်ထရိုက်တာများ အနေဖြင့် သတ်မှတ်ချက်အတိုင်း လုပ်ငန်းများ အချိန်မီပြီးစီးအောင် ကျိုးစားဆောင်ရွက်မှုအပေါ် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အုတ်တွင်းဘူတာမှ RBE ရထားဖြင့်ထွက်ခွာလာရာ ရထားလမ်းပိုင်းရှိ တံတားအမှတ်(၂၀၃) ဖြူးချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်၌ ဘိုးပိုင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ ဖြူးဘူတာသို့ရောက်ရှိပြီး ဘူတာတည်ဆောက်ရေး လုပ်ငန်းခွင်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သတ်မှတ်ကာလအမီ ပြီးစီးရေး ဆောင်ရွက်ကြရန်မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် RBE ရထားဖြင့် ဆက်လက်ထွက်ခွာလာရာ ကညွတ်ကွင်းနှင့် တောကျွဲအင်းဘူတာအကြားရှိ တံတားလုပ်ငန်းများ တည်ဆောက်ရေးလုပ်ငန်းခွင်၌ ဘိုးပိုင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြေသားလုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ သံလမ်းခင်းခြင်းလုပ်ငန်း၊ (၈)ချောင်းဆက် သံလမ်းများလုပ်ငန်းခွင်သို့ ပို့ဆောင်နေမှုကိုလည်းကောင်း၊ ညောင်လေးပင်ဘူတာ ယာဒ်ဝင်းအတွင်း ကွန်ကရစ်ရေမြောင်းများ ပြုလုပ်နေမှုအားလည်းကောင်း၊ နှစ် ၁၀၀ ကျော် အဆောက်အဦဖြစ်သည့် ညောင်လေးပင်ဘူတာအား ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်နေမှုကိုလည်ကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲသည့် ပြွန်တန်ဆာဘူတာသို့ ရောက်ရှိပြီး ဘူတာယာဒ်ဝင်းအတွင်း ဘူတာပလက်ဖောင်းနှင့် ကွန်ကရစ်ရေမြောင်းများ ပြုလုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ညောင်လေးပင်-ပဲခူးလမ်းပိုင်း (CP-102) စီမံကိန်း (ပြွန်တန်ဆာ) ရှင်းလင်းဆောင်သို့ ရောက်ရှိရာ စီမံကိန်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်


