ငါ့သရောက် ၁၉ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့၌ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် မိုးမြေပဲသီးနှံစိုက်ခင်းများတွင် ရွက်လိပ်ရွက်ကပ်ပိုး ကျရောက်နေမှုအား ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီက ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် (မြေ၊ မျိုး၊ ပိုး) တာဝန်ခံများနှင့် ဝန်ထမ်းများအဖွဲ့က သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ကာကွယ်နှိမ်နင်းနည်းစနစ်များအား တောင်သူပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှေးဦးစွာ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်သီးနှံပိုးမွှားကာကွယ်ရေး တာဝန်ခံ ဒေါ်ခင်သန်းမြင့်၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းဝေ၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ကြည်ဆွေနှင့် ဝန်ထမ်းများအဖွဲ့သည် ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ လိုက်ပါ၍ ငါ့သရောက်မြို့၊ အမှတ်(၄) သိမ်တော်ရပ်ကွက်ရှိ စာကြည့်တိုက်အစည်းအဝေးခန်းမတွင် မိုးမြေပဲသီးနှံစိုက်ပျိုးသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မြေပဲသီးနှံများတွင် ကျရောက်တတ်သော ရွက်လိပ်ရွက်ကပ်ရောဂါ ပိုးမွှားများအကြောင်းနှင့် ကြိုတင်ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများ၊ အစားအစာ ဘေးကင်းစေရေးအတွက် မြေပဲသီးနှံတွင် ဓါတုဓာတ်ကြွင်းများနှင့် အာဖလာတောက်ဆင် (မှိုအဆိပ်) လျှော့ချရေးဆိုင်ရာ လိုက်နာရမည့် နည်းလမ်းများ၊ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းများ၊ ကန္တာရကျိုင်းကောင်များ ကူးစက်ကျရောက်မှု မရှိစေရေး ကာကွယ်ရမည့်နည်းလမ်းများ၊ ဖောငမြှောင်တောင်ပိုးမွှား ရောဂါအကြောင်းနှင့် ကာကွယ်နှိမ်နင်းရမည့် နည်းစနစ်များကို ကဏ္ဍအလိုက် ပညာပေးဆွေးနွေး ဟောပြောသည်။
ဆက်လက်၍ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ကြည်ဆွေက သီးနှံအထွက်နှုန်း တိုးပွားရေး မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နည်းနှင့် ထိန်းသိမ်းထားသိုနည်းစနစ်များကို လည်းကောင်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းဝေက မြေဆီလွှာ တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများအကြောင်းကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက ရာသီအလိုက် ကျရောက်နိုင်သော သီးနှံပိုးမွှားရောဂါများနှင့် စပ်လျဉ်းပြီး ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက သီးနှံစိုက်ခင်းများတွင် ရောဂါပိုးမွှား ကျရောက်၍သော် လည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းများနှင့် ပက်သက်ပြီး အခက်အခဲများ ကြုံတွေ့နေရ၍လည်းကောင်း ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးနှင့် ချိတ်ဆက်၍ အကူအညီများ တောင်းခံရယူနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင် (မြေ၊ မျိုး၊ ပိုး) တာဝန်ခံများနှင့် ဝန်ထမ်းများအဖွဲ့သည် မြေပဲသီးနှံစိုက်ခင်းများအတွင်း ရွက်လိပ်ရွက်ကပ်ပိုး ကျရောက်နေမှုများကို ဒေသခံတောင်သူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကာကွယ်နှိမ်နင်းရမည့် နည်းစနစ်များနှင့် ပိုးသတ်ဆေးသုံးစွဲနည်းစနစ်များကို တောင်သူများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


