ပြည်ပနိုင်ငံများတွင် ရောက်ရှိနေပြီး ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံသို့ ပြန်လာလိုကြသော နိုင်ငံသားများအား နိုင်ငံတော်အစိုးရက စနစ်တကျ ပြန်လည်ခေါ်ဆောင် လက်ခံပေးနေသည်။ အခက်အခဲရှိသူအား စာနာထောက်ထား ကူညီဖေးမပေးခြင်းသည် မင်္ဂလာတရားတော်နှင့် ညီပါပေသည်။ နိုင်ငံသားအားလုံးတို့အပေါ်တွင် တစ်ပြေးညီ မေတ္တာစေတနာထားရှိမှုကို ပြသရာလည်းရောက်ပါသည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်နေကြသော နိုင်ငံသားများ အမြောက်အမြားရှိပါသည်။ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားလာသောအခါတွင် ကမ္ဘာပေါ်ရှိနိုင်ငံများအားလုံးသည် လူမှုဘဝနှင့် စီးပွားရေးဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာပါသည်။ ထိုအခါ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား များအနေဖြင့် အခက်အခဲအမျိုးမျိုး ကြုံတွေ့လာပါသည်။

 

ပြည်ပနိုင်ငံများသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများသည် များသောအားဖြင့် အလုပ်အကိုင်များ ရပ်ဆိုင်းသွား ပါသည်။ ထိုအခါ အိမ်လခများ မပေးနိုင်ခြင်း၊ စားရေးသောက်ရေး အခက်အခဲရှိခြင်း၊ အချို့နိုင်ငံသားများ နေထိုင်ခွင့်ဗီဇာ သက်တမ်းကုန်ဆုံးခြင်း၊ နိုင်ငံသားသင်္ဘောသားများ၊ ပြည်ပရောက် ပညာသင်ကျောင်းသားများ မိခင်နိုင်ငံသို့ ပြန်လာရန် အခက်အခဲရှိခြင်း၊ ခေတ္တခဏ အလည်အပတ်သွားရောက်ကြသူများ ပိတ်မိနေခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။

 

ပြည်ပနိုင်ငံများသို့ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် အမိနိုင်ငံသို့ ပြန်လာလိုပါက တရားဝင် သွားရောက်သည်ဖြစ်စေ၊ တရားမဝင် သွားရောက်သည်ဖြစ်စေ အကူအညီပေးရန် နိုင်ငံတော်အစိုးရက လမ်းညွှန် ထားပြီး လမ်းကြောင်းသင့်သည့် ဆုံရပ်များမှတစ်ဆင့် ပြန်လာနိုင်ရန် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ပြည်ဝင်၊ ပြည်ထွက် ကိစ္စများမှာ အထူးအရေးကြီးသောကိစ္စဖြစ်ပြီး ယခုကဲ့သို့ ကာလတွင်မူ နိုင်ငံတကာလေကြောင်းလိုင်းများ ခေတ္တရပ်ထားချိန်ဖြစ်၍ ပိုမို၍ခက်ခဲစွာ ဆောင်ရွက်နေရသော အချိန်ကာလ ဖြစ်သည်။

 

ယခုအခါကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ်များ စေလွှတ်ကာ ပြန်လာလိုသော နိုင်ငံသားများအား ခေါ်ယူပေးလျက်ရှိသည်။ ယခုအချိန်အထိ ကယ်ဆယ်ရေးလေယာဉ် အကြိမ်ရေ ၅၆ ကြိမ် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ၈၀၀၀ ကျော်ကို ခေါ်ဆောင်နိုင်ခဲ့သည်။ လာမည့် သြဂုတ်လတွင်လည်း နိုင်ငံသား ၁၈၀၀ ခန့်ကို ၁၃ ကြိမ် ပြန်လည် ခေါ်ဆောင်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

 

မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများတွင် ဒုက္ခရောက်နေချိန်၌ နိုင်ငံတကာမှ မြန်မာသံရုံးများအား အကူအညီယူ အားထားစိတ်များရှိလာခြင်းသည် စိန်ခေါ်မှုများကြားမှ ကောင်းသောအခွင့်အလမ်းများ၊ အလားအလာကောင်းများ ဖြစ်ပါသည်။ ပြည်ပတွင် နေထိုင်ရသည့် လုံခြုံမှုအခြေအနေနှင့် မိခင်နိုင်ငံတွင် နေထိုင်ရသည့် လုံခြုံမှုအခြေအနေ သည် များစွာကွာခြားပါသည်။ ဒုက္ခအခက်အခဲရောက်ချိန်တွင် မိခင်ရင်ခွင်သည်သာ လုံခြုံစိတ်ချ အေးမြဆုံးဖြစ် သကဲ့သို့ လက်တွေ့ကူညီစောင့်ရှောက်ပေးမှုများက သက်သေပြလျက်ရှိသည်။

 

မြန်မာနိုင်ငံတွင်ဆေးကုသမှုစနစ်၊ ကန့်သတ်ထားရှိမှုအခြေအနေများ တိုးတက်ကောင်းမွန်မှုကြောင့် တစ်စုံတစ်ရာ အခက်အခဲဖြစ်လာချိန်တွင် မိခင်နိုင်ငံသို့ ပြန်လာခြင်းသည်သာ ပို၍လုံခြုံစိတ်ချမှုရှိသည်ဟူသည့် အတွေးအမြင်ဖြင့် နိုင်ငံအတွင်းသို့နေ့စဉ်ပြန်လာနေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ယင်းသည် ကိုဗစ်- ၁၉ ကာလတွင် မြန်မာနိုင်ငံ၏ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးမှုကဏ္ဍများအား အကောင်းဆုံးလုပ်ဆောင်ပေးနိုင်သည့် အပေါင်းလက္ခဏာများအဖြစ် ဂုဏ်ယူကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ဒုက္ခအခက်အခဲရောက်နေချိန်တွင် မိခင်ရင်ခွင်သည်သာ အကောင်းဆုံးဖြစ်သကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် မြန်မာနိုင်ငံသို့ ပြန်လာလိုကြသော နိုင်ငံသား များအား နွေးထွေးပျူငှာစွာ လက်ခံကူညီဆောင်ရွက်ပေးနေသည့် အမိနိုင်ငံ၏စေတနာသည် မင်္ဂလာတရားနှင့်အညီ ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်စေပါသည်။ ။

ကြေးမုံ