နယူးဒေလီ ၂၀ ဇူလိုင်
အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ကုန်းထူထပ်ရာ ဥတ္တရာခန်းပြည်နယ်ရှိ ကျေးရွာနှစ်ရွာ၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိကာ ခုနှစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသန္တရ တာဝန်ရှိသူတစ်ဦးက ယနေ့ အတည်ပြုပြောကြားသည်။
သေဆုံးသူသုံးဦးမှာ မိသားစုတစ်ခုမှဖြစ်ပြီး သေဆုံးသူ အရေအတွက် မြင့်တက်လာဖွယ်ရှိကြောင်း ၄င်းက ဆိုသည်။ ဥတ္တရာခန်းပြည်နယ်၊ ပီသိုရာဂတ်ခရိုင်ရှိ ရွာနှစ်ရွာ၌ မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားခဲ့တာပါ။ ခရိုင်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့နှင့် ပြည်နယ် ဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့တွေ အခင်းဖြစ်ရာနေရာကို သွားရောက်ခဲ့ပါတယ်။ ဒီနှစ်ရွာက ဝေးလံခေါင်ဖျားပြီး သွားလာရ ခက်ခဲတဲ့ နေရာမှာ တည်ရှိပါတယ်။ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေက ခြေလျင်သွားခဲ့ရတာဖြစ်ပြီး သူတို့ ပြန်မလာမချင်း အဆက်အသွယ် မရခဲ့ပါဘူး” ဟု ခရိုင် ပြန်ကြားရေးအရာရှိ ဂါဂျာဂျိုရှီက ပြောသည်။
ဇူလိုင်လတွင် စတင်ပြီး သြဂုတ်လကုန် သို့မဟုတ် စက်တင်ဘာလအထိ ကြာမြင့်သည့် နှစ်စဉ် မိုးရာသီ ရောက်တိုင်း တောင်ထူထပ်ရာ ဥတ္တရာခန်းပြည်နယ်၌ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်လေ့ရှိသည်။
အိန္ဒိယနိုင်ငံရှိ တောင်ထူထပ်ရာ ပြည်နယ်များ၌ မိုးရာသီရောက်လျင် မိုးသည်းထန်စွာ ရွာသွန်းသော ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
၂၀၁၃ ခုနှစ်၊ ဇွန်လအတွင်း ဥတ္တရာခန်းပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၅၀၀၀ ကျော် သေဆုံးခဲ့ရသည်။
ကိုးကား--ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်